ကျောက်စိမ်းကုန်သည်ဦးကျော်သူရကိုဖမ်းဆီးပိုင်ဆိုင်မှုတွေကိုစစ်ကောင်စီသိမ်း

ဩဂုတ် ၂၂ ၊ ဖားကန့် 

ကျောက်စိမ်းရောင်းဝယ်ရေး နယ်ပယ်မှာ ထင်ရှားသူတစ်ဦးလည်းဖြစ်တဲ့ မြန်မာသူရကျောက်မျက်ကုမ္ပဏီ ပိုင်ရှင် ဦးကျော်သူရကို ဖမ်းဆီးပြီး သူ့ရဲ့ ပိုင်ဆိုင်မှုတွေကို စစ်ကောင်စီက ပိတ်သိမ်းလိုက်တယ်လို့ ဩဂုတ်လ ၂၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ 

ဩဂုတ်လ ၁၇ ရက်နေ့က မန္တလေးမြို့ မဟာအောင်မြေမြို့နယ်မှာ မြန်မာသူရကျောက်မျက်ကုမ္ပဏီ ရဲ့ ယာဉ်မောင်းဖြစ်တဲ့ ကိုမွန်သူအောင်ကို ဖမ်းဆီးပြီးတဲ့နောက် သူ့ရဲ့ထွက်ဆိုချက်နဲ့ ဦးကျော်သူရကို ဆက်လက်ဖမ်းဆီးတာဖြစ်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။ 

ဦးကျော်သူရက NUG ၊ CRPH နဲ့  PDF  တွေကို သိန်းပေါင်း ခြောက်ထောင်ကျော်ထောက်ပံ့တယ်လို့ဆိုပါတယ်။ 

ဖမ်းဆီးခံရတဲ့ ဦးကျော်သူရရဲ့  မန္တလေးမြို့၊​မြစ်ကြီးနားမြို့နဲ့  နေပြည်တော်မှာရှိတဲ့ နေအိမ် ၊ ခြံဝင်း ၊ ကားတွေနဲ့ ဖားကန့်မြို့နယ်မှာ ရှိတဲ့ ကျောက်စိမ်းလုပ်ကွက် ၊ ကျောက်စိမ်းတူးဖော်ရေးယန္တရားတွေအားလုံးကို သိမ်းဆည်းလိုက်တာဖြစ်ပြီး စုစုပေါင်းတန်ဖိုး သိန်းပေါင်း တစ်သိန်းနှစ်သောင်း ရှိတယ်လို့ ထုတ်ပြန်ပါတယ်။

“ သူဌေးကြီးပဲကို ။ မြန်မာနိုင်ငံ တိုးတက်စေချင်တဲ့ လောကထဲက တစ်ယောက်ပေါ့လေ။ အရင်က ဟောပြောပွဲတွေလည်းလုပ်တယ်။ မြန်မာနိုင်ငံ မြင့်တင်စေချင်တဲ့ထဲပါတယ်။ ကျောက်စိမ်းအတတ်ပညာတွေနဲ့ ပတ်သက်ပြီးတော့ လူငယ်တွေကို တိုးတက်စေချင်တာသူက ၊ လူငယ်တွေကို ပြုစုပျိုးထောင်ပေးတဲ့ထဲပါတယ်” လို့ ဦးကျော်သူရ နဲ့ ပတ်သက်ပြီး ဖားကန့်ဒေသခံတစ်ဦးက ပြောပြပါတယ်။ 

ဖမ်းဆီးခံရမှုနဲ့ ပတ်သက်ပြီး ဖားကန့်ဒေသခံတွေကတော့ စစ်ကောင်စီက ငွေလိုအပ်ချက်တွေရှိနေတာကြောင့် ဖမ်းဆီးတာဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *