ဇူလိုင် ၁၃ ၊ ဖားကန့်
ဖားကန့်မြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာ(၅)ရွာနဲ့ စာသင်ကျောင်း(၂)ကျောင်းရဲ့ မြေဧရိယာတွေမှာ KIA နဲ့ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီတို့ပူးပေါင်းပြီး တူးဖော်ရေးလုပ်ငန်းများ လုပ်ဆောင်နေကြတယ်လို့ ဒေသခံများထံကနေ သိရပါတယ်။
ဖားကန့်မြို့၊အေးမြသာယာအုပ်စုထဲပါဝင်တဲ့ မှော်မောင်းလျှံကျေးရွာ၊ တောင်ပြိုကျေးရွာ၊ ဗလခကျေးရွာ၊ မှော်မောင်းကုန်းကျေးရွာ၊ မှော်ဝမ်းလေးကျေးရွာတွေရဲ့ အလယ်ခေါင်မှာ ကျောက်စိမ်းကုမ္ပဏီ(၃)ခုဖြစ်တဲ့ ယူနတီကုမ္ပဏီ၊ ပုံတောင်သားကုမ္ပဏီ၊ ကျောက်စိမ်းတောင်ကုမ္ပဏီတွေက ဒေသခံတွေရဲ့နေအိမ်တွေ အနီးနား ကျောက်တူးဖော်ကာ နေအိမ်တွေကိုလည်းဝယ်ယူတူးဖော်နေကြတယ်လို့ အနီးနေထိုင်သူ ကျေးရွာသားများက ပြောပြပါတယ်။
“ အဲဒါတွေကလေ ရွာလုံးကျွတ်တွေကိုဝယ်တာမဟုတ်ပဲနဲ့ ဥပမာ တောင်ပြိုနဲ့ကပ်ရက်ကကုမ္ပဏီကယူနတီရှိတယ်ဆိုရင် ယူနတီကတောင်ပြိုနားလေးတူးရင်းတူးရင်းနဲ့ တောင်ပျိုဘက်ခြမ်းက ကမ်းပါးပြိုတော့မလိုလို တစ်ဖြည်းဖြည်းနဲ့ကပ်လာတာပေါ့လေ လုပ်ကွက်က အဲ့ဒီအိမ်တွေကို သူတို့က စျေးပေးပြီး ဒီအိမ်ရဲ့တန်ကြေးကိုဘယ်လောက်ပေးမယ် ရောင်းပေးမလားအေ့လိုမျိုးတွေနဲ့ အဲ့ဒီအိမ်နေရာတွေကို ကပ်ကပ်ပြီးစားလာတာပေါ့ မရောင်းလို့ကလည်းမရတော့ဘူးလေ နေလို့မှမရတော့တာ” ဟု ကျေးရွာသားတစ်ဦးက ရှမ်းနီအသံကို ပြောပြပါတယ်။
ကျေးရွာသားတွေ နဲ့ နေအိမ်ပိုင်ရှင်တွေဟာ KIA/KIO က ကုမ္ပဏီနဲ့ ကြားပွဲစားလုပ်ပေးပြီး ကာလပေါက်စျေးမဟုတ်ပဲ သတ်မှတ်ထားတဲ့ စျေးအတိုင်းသာ စျေးနှုန်းရရှိကြတယ်လို့ သိရပါတယ်။
ဒါ့အပြင့် KIA/KIO အဖွဲ့အစည်းက မြေတိုင်းတာရေးအဖွဲ့၊ ကျောက်တူးဖော်ရေးသယံဇာတအဖွဲ့၊ အကောက်ခွန်ကဏ္ဍအဖွဲ့တို့ဆီကိုလည်း ရောင်းဝယ်မှုတွေကို အစုရာခိုင်နှုန်းအလိုက် ရွာသားတွေက ပြန်လည်ပေးဆောင်ရတယ်လို့ ရောင်းချလိုက်သူတွေထံကနေသိရပါတယ်။
လုံးခင်းကျေးရွာအုပ်စုတွင်းပါဝင်တဲ့ မဇွပ်ယန်ကျေးရွာရှိ (အ.လ.က) စာသင်ကျောင်းကိုလည်း ကျောက်စိမ်းတူးဖော်ဖို့ မြေနေရာဝယ်ယူလျာထားပြီးဖြစ်ပြီး ဆိုင်းရာရွာသစ်ရှိ (အ.လ.က) စာသင်ကျောင်းမြေနေရာတွင်လည်း ဒီနှစ်မှာ ကျောက်စိမ်းတူးဖော်မှုစတင်နေကြပြီဖြစ်တယ်လို့ ဖြစ်စဉ်ကိုသိရှိသူ ဒေသခံတစ်ဦးက ပြောပြပါတယ်။
“ ကျောင်းရဲ့ဧရိယာကိုရောင်းချပြီးတော့မှ လက်ရှိကိုတူးနေတာ အဲ့ကျောင်းကြီးရွေ့ရမယ့်အနေအထားကတော့ နောက်တစ်နှစ်စီမံကိန်းထဲပါမလားတော့ ကျွန်တော်လည်းမပြောတတ်ဘူး ဒီနှစ်ကတော့ ကျောင်းကခြံစည်းရိုးကာထားတယ် သွပ်ပေါ့လေ သွပ်ကာထားတဲ့ဟိုဘက်တစ်ခြမ်းကတော့ကျင်းကြီးပေါ့ ဟိုဘက်တစ်ခြမ်းကျင်းဆိုတဲ့ဟာထဲမှာ ကျောင်းဧရိယာသူတို့ရောင်းထားပြီးသားဟုတ်တယ်”လို့ ဆိုပါတယ်။
မဇွပ်ယန်စာသင်ကျောင်းကိုတော့ ပိတ်ထားလျှက်ရှိပြီး လက်ရှိတူးဖော်နေပြီဖြစ်တဲ့ ဆိုင်းရာရွာသစ်စာသင်ကျောင်းမှာတော့ ကျောင်းသူ/သား သုံးရာခန့်စာသင်ကြားနေကြကာ ဖော်ပြခဲ့ပြီးသားဖြစ်တဲ့ကျေးရွာ(၅)ရွာမှာ စုစုပေါင်းလူဦးရေ (၅)ထောင်ကျော်ခန့် နေထိုင်ကြတယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်တုန်းက ကျောက်စိမ်းတူးဖော်ရေးအတွက် ဆိပ်မူကျေးရွာအုပ်စု၊စပျစ်ခူးကျေးရွာတစ်ရွာလုံး လျော်ကြေးငွေပေးကာ ကျောက်ဖြူကျေးရွာဘက်ကို ရွှေ့ပြောင်းခြင်းခံခဲ့ကြရပါသေးတယ်။