ဇန်နဝါရီ ၁၁ ၊ အင်းတော်ကြီး
မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ၊ ညောင်ပင်ကျေးရွာအတွင်းမှာ တိုက်ပွဲဖော်ဆောင်ဖြစ်ပွားမယ်လို့ သတင်းများထွက်ပေါ်နေတာကြောင့် ကျေးရွာသူ/သားများက စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံများထံမှသိရပါတယ်။
မနေ့က ဇန်နဝါရီလ ၁၀ရက်နေ့ ညနေ (၆)နာရီဝန်းကျင်အချိန်ကနေ ည (၇)နာရီကျော် အချိန်ထိ ညောင်ပင်ကျေးရွာရှိ စစ်ကောင်စီတပ်ရှေ့တန်းစခန်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့များက ဒရုန်း(၄)စင်းနဲ့ ဗုံးများလာရောက်ပစ်ချဖောက်ခွဲခဲ့တယ်လို့ သိရပါတယ်။
“ အခုရှောင်တဲ့သူတွေလည်း ရှောင်နေကြပြီ မနေ့ညတုန်းကလည်း ကျွန်တော်တို့အမေတွေမိသားစုတွေဆို လယ်တောမှာတွေသွားရှောင်နေကြရတယ် ရွာထဲမှာလည်း လူတွေကရှိပါသေးတယ် လုံးလုံးလျားလျားကြီးပြေးသွားကြတော့မဟုတ်သေးဘူး စက်လှေနဲ့ရွေ့တဲ့သူကရွေ့နေပြီ အဲ့လိုပါ့” ဟု ညောင်ပင်ကျေးရွာသားတစ်ဦးက ပြောပြပါတယ်။
ကျေးရွာသူ/သားများက ညောင်ပင်ကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်း၊ဓမ္မာရုံအပြင် လယ်တောများ၊ အင်းတော်ကြီး၊ အင်းအရှေ့ကမ်း နှင့် ဟိုပင်မြို့၊ မိုးညှင်းမြို့သို့ ခိုလှုံရှောင်တိမ်းမှုများ ပြုလုပ်နေကြတယ်လို့ သိရပါတယ်။
“ မနေ့ကတော့ နည်းနည်းဖြစ်ကြတယ်။ မနေ့ကစပြီးတော့မှ ဘုန်းကြီးကျောင်းမှာအိပ်ခိုင်းတယ်၊ ဒီနေ့က တချို့လည်း သူ့ဆွေမျိုးကိုယ့်ဆွေမျိုး မိုးညှင်း၊ဟိုပင်တို့ သွားကြတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ညောင်ပင်ကျေးရွာက အင်းတော်ကြီး-ဝှေခါ- ဖားကန့်လမ်းပိုင်းပေါ်ရှိတဲ့ ခရီးသည်ယာဉ်များ ရပ်နားသည့်ကျေးရွာတစ်ခုဖြစ်ပြီး အိမ်ခြေ ၈၀၀ ကျော်နှင့် လူဦးရေ ၂ ထောင်နီးပါး ရှိတဲ့ကျေးရွာလည်းဖြစ်ပါတယ်။
KIA+PDF ပူးပေါင်းတပ်ဖွဲ့များက ယခုရက်ပိုင်းအတွင်းမှာ ညောင်ပင်ကျေးရွာအပါအဝင် အင်းတော်ကြီးဒေသအတွင်းရှိ စစ်ကောင်စီတပ်ရှိတဲ့ (၄) နေရာကို တိုက်ခိုက်သွားမယ်လို့ သတင်းလွင့်ထားကြောင်း သိရပါတယ်။