ကျွန်တော်ချစ်တဲ့ ရိုးရာဝါကျွတ်ပွဲတော်
=========
မကြာမီ ဝါလကင်းလွတ်၍ သီတင်းလည်းကျွတ်တော့မည်။ မိုးသားတိမ်လိပ် တို့မှာလည်း ပြာလဲ့လဲ့မိုးသားကောင်းကင်ပြင်ကျယ်ကြီးဆီမှ တဖြည်းဖြည်း ဖယ်ကျဉ်၍ သွားလေပြီ။
အနောက်တောင်ဆီမှ မိုးကိုသယ်လာသည့် လေရူးမောင်မှာလည်း မြောက်မျက်နှာသို့ရွေ့ကာ မြူနှင်းတို့ကိုသယ်ဆောင်၍ လာပေတောမည်။
ဇာတိမြေဖြစ်သော အထက်ချင်းတွင်းဒေသတစ်ခွင်တွင် မုန်ညှင်းခင်း များနှင့် စိမ်းလဲ့နေပြီလား။ မမြင်တာကြာခဲ့ပြီဖြစ်သောနွိုက်မောက်တောင်ကြီးသည်ပင် ရေခဲပြင်များ ထူထဲစွာ စတင်ဖုံးလွှမ်းနေပြီလား။ နမ့်တာလုံ(ချင်းတွင်း)မြစ်ပြင်သည်လည်း နံနက်ခင်းစောစောတွင် မြူငွေ့တလူလူ တက်ကာနေပြီလား။ အတွေးထဲတွင်တော့ ဇာတိမြေသည် သဘာဝပန်းချီကားတစ်ချပ်နှယ် ချစ်စရာကောင်းလောက်အောင် လှပနေပေသည်။ သြော်………ဇာတိမြေသို့ ပြန်မရောက်သည်မှာပင် ကြာခဲ့ချေပြီ။ လွမ်းရက်များမှာ ရှည်ကြာလွန်းလှ၏။
သီတင်းကျွတ်ဆို၍ အထက်ချင်းတွင်းဒေသရှိ မိမိတို့ရှမ်းနီလူမျိုးတို့၏ ဒေသတစ်ခွင်တွင် သီတင်းကျွတ်ကာလနှင့် ပတ်သက်သော ဓလေ့ထုံးများ၏ ဂုဏ်ယူဖွယ်ရာကောင်းသည့် အချက်များကို ပြောပြချင်ပါသည်။ ကိုယ့်ငါးချဉ် ကိုယ်ချဉ်သည်ပဲဆိုဆို ကိုယ့်ဒေသ၏ ဓလေ့ရိုးရာကို အလွန်အင်မတန် မြတ်နိုးတန်ဖိုးထားမိသည်ကတော့ အမှန်ပင်။
ဇာတိမာန်တက်လွန်းသူဟု စွတ်စွဲချင်က စွတ်စွဲပါစေတော့။
ဇာတိမာနသည်ပင် အမျိုးအနွယ်ဓလေ့ထုံးတမ်းတို့ကိုစွဲ၍ နှလုံးသားတွင် ဖြစ်တည်လာသော စိတ်ခံစားချက်ပင် မဟုတ်ပါလား။
မှတ်မိပါသေးသည်။ သီတင်းကျွတ်တော့ဆိုသည်နှင့် အဝေးတစ်နယ်တွင် အလုပ်သွားလုပ်နေကြသော ရှမ်းနီမောင်မယ်တို့မှာ မိဘရပ်ရွာသို့ ပြန်လာကြစမြဲ။ များသောအားဖြင့်တော့ ရွှေမှော်များမှ အိမ်သို့ပြန်လာကြသည်။ စုဆောင်းလာသော ရွှေတိုငွေစများကို မိဘထံအပ်တန်အပ် ဝါကျွတ်ပွဲတွင် သုံးရန်ခွဲတန်ခွဲနှင့်။ ရွာတွင် လယ်ယာလုပ်ကိုင်ကာကျန်ခဲ့သော မောင်မယ်များမှာလည်း ဝါကျွတ်ပွဲတွင်သုံးရန် စရိတ်ရှာကြသည်။ သူတို့ရှာပုံက မထူးသော်ငြား ခပ်ဆန်းဆန်းပင်။ ပေါက်ပြားတစ်လက် မြေကျုံးသည့်ခွက်တစ်ခု အိတ်ဖတ်လေးတစ်ချပ် ဝါးစင်ကလေးတစ်ခု သစ်သားအင်တစ်ချပ်ကိုယူကာ မြစ်ကမ်းနားသို့ ဆင်းသွားကြ၏။ ရိုးရာရွှေကျင်နည်းဖြင့် ရွှေကျင်ကာ ဝါကျွတ်ပွဲအတွက် အသုံးစရိတ်ရှာကြခြင်းပေတည်း။
နမ့်တာလုံခေါ် ချင်းတွင်းမြစ်ရေကျစတွင် မြစ်ကမ်းနံဘေးများ၌ ရွှေကျင်သည့်ဝါးစင်ကလေးများ အစီအရီတွေ့နေရခြင်းသည်ပင် ရှမ်းနီတို့ဒေသရှိ သီတင်းကျွတ်လ၏ သဘာဝ သရုပ်မှန်တစ်ခုဟု ဆိုရပေမည်။ ယခုဤမြင်ကွင်းများကို မြင်ရလောက်တော့ဟန် မတူတော့ပါ။
သီတင်းကျွတ်လပြည့်နေ့ကား ရွာတိုင်းရှိ ကလေးလူကြီး ပျိုပျိုအိုအို အားလုံး ရွှင်ပြမြူးထူးကြသည့် နေ့ဖြစ်သည်။ နံနက်စောစော(၃)နာရီ တွင် အိမ်တိုင်းအိမ်တိုင်း ဆွမ်းချက်ထကြသည်။ (၄)နာရီခွဲတွင် ရှမ်းနီဘိုးဘွားများသည် ဆွမ်းထမင်းဆွမ်းဟင်းနှင့် မုန့်များထည့်ထားသော ဆွမ်းချိုင့်များ ဆွမ်းခြင်းများကို ဆွဲကာထမ်းကာဖြင့် ရွာဦးကျောင်းဆီသို့ ဦးတည်ကာ ရွာလည်လမ်း တွင် စီတန်းသွားနေကြသည်။
သူတို့သည် နံနက်(၅)နာရီခွဲတွင် သံဃာတော်များကို ဆွမ်းကပ်ကြပေမည်။ (၆)နာရီခွဲတွင် ရတနာ(၃) ပါးကို ဝိုင်းဝန်းကန်တော့ကာ ဥပုသ်စောင့်ကြပေဦးမည်။ ဥပုသ်သီလ ယူပြီးလျှင် ဘုန်းတော်ကြီးကျောင်းဘေးရှိ ဇရပ်များသို့သွားကာ တရားစီးဖြန်းရင်း မိမိတို့အိမ်များမှ လာရောက်ပို့ဆောင်မည့် ဥပုသ်ထမင်းဟင်းများနှင့် ညအိပ်နိုင်ရန် အိပ်ရာလိပ်များကို စောင့်နေကြပေဦးမည်။ ဤမြင်ကွင်းများသည် ကျွန်တော့်အတွေးထဲ တွင် မမေ့နိုင်သော မြင်ကွင်းများပါပေ။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်အသက်(၁၀)နှစ်သားမှစ၍ ယာယာ(အဘွား)နှင့်အတူ နံနက်စောစောထကာ ဘုန်းကြီးကျောင်းသို့ သွားနေကျ ဖြစ်သောကြောင့်ပင်တည်း။
အဘွားလက်ကိုဆွဲကာ ဘုန်းတော်ကြီးကျောင်းသွားရသော အရသာကို ယခုခေတ်ကလေးငယ်များ ခံစားရသေးသလားတော့ ကျွန်တော်မသိတော့ပါ။
နေ့လည်ဘက်တွင် အိမ်တိုင်း မီးရောင်စုံ ထွန်းညှိရန် ပြင်ဆင်နေကြ သည်။ မုန့်လုပ်သူများက လုပ်ကြသည်။ မုန့်လုပ်ပြီးသူတို့မှာ ရတနာသုံးပါးနှင့် မိဘဆွေမျိုးများထံ မုန့်ကန်တော့သွားကြသည်။ အသက်(၅၀)အရွယ်လူကြီးက အသက် (၆၀)အရွယ် အဘွားအိုကို ကန်တော့နေသည့်မြင်ကွင်းများ၊ အဖေလုပ်သူကို တစ်မိသားစုလုံးက ကန်တော့နေသည့်မြင်ကွင်းများ၊ မိဘ၂ပါးကိုသားသမီးမြေးမြစ်များက သိုက်သိုက်ဝန်းဝန်း ကန်တော့ သည့်မြင်ကွင်းများမှာ မြင်ရသူတိုင်း၏ စိတ်ကို ကြည်နူးစေပေသည်။ ယခုကာလကြီးထဲတွင် ဤကဲ့သို့ မိသားစု စုံစုံလင်လင်မှ ကန်တော့နိုင်ကြသေးပါစ။
ညနေပိုင်းတွင် ဗုံမောင်းတီးသံတို့ကိုပေးကာ အပျိုလူပျိုများမှာ ရောင်စုံဆီမီးခွက်များကိုကိုင်လျက် မြစ်ဆိပ်သို့ဆင်းလာကြသည်။ မုန့်များကိုစားလိုက် အချင်းချင်းနောက်ပြောင်လိုက်နှင့် မောင်မယ်တစ်သိုက် ရွှင်မြူစွာ ဆင်းလာကြသည်။ ၄င်းတို့နောက်ရှိ လမ်းလျှောက်တီးဝိုင်းအနီးတွင်တော့ ကလေးများကဝိုင်းအုံလျက် လိုက်ပါလာကြသည်။
မြစ်ဆိပ်ကမ်းတွင်တော့ စက်လှေကြီး(၂)စင်းက အသင့်ပြင်ဆင်လျက် ရှိနေသည်။ နေဝင်ရိုးရီချိန်တွင်တော့ ဆီမီးရောင်စုံများကို တစ်ရွာလုံးထွန်းညှိနေကြပေပြီ။ ဆိပ်ကမ်းဆီမှ စက်လှေကြီး(၂)စင်းကလည်း မီးရောင်စုံနှင့် တီးသံမှုတ်သံနှင့် မြိုင်ဆိုင်၍နေပေသည်။ ထို့နောက်စက်လှေကြီး(၂)စင်းသည် မြစ်အထက်ပိုင်းဆီသို့ ဆန်တက်သွားတော့သည်။
ဟော …… ရှုပါလော့။ မြစ်ပြင်တစ်ခုလုံးတွင် ရောင်စုံမီးကြာခွက်များသည် အရောင်တစ်လက်လက်ဖြင့် မျောစုံ၍လာတော့သည် မဟုတ်ပါလား။ စန္ဒာလမင်းကြီးကလည်း ငွေမင်သွန်းသည်သို့ လောကဓာတ်တစ်ခွင်လုံးကို ထွန်းလင်းတောက်ပစေလျက် မြစ်ရေယာဉ်ထက်မှ မီးကြာခွက်တို့နှင့် အလှချင်း ပြိုင်နေပေတော့သည်။
မြစ်ပြင်တစ်ခွင်တွင်လည်း ဆိုင်းဝိုင်းသံမြိုင်မြိုင်နှင့် ရောင်စုံမီးတို့ ထွန်းညှိထားသည့် စက်လှေကြီးမှ စုန်လိုက်ဆန်လိုက်ဖြင့် မြစ်စဉ်တလျှောက်ရှိ ကျေးရွာများအတွက် အသုံးတော်ခံနေပေတော့သည်။ ရွာပေါ်တွင်လည်း အိမ်တိုင်းအိမ်တိုင်းတွင် ရောင်စုံမီးပုံးများကို ထွန်ညှိနေကြသည်မှာ လပြည့်ညအလှပန်းချီကို အနားသတ်ကာ စီခြယ်ထားသကဲ့သို့ပင်တည်း။
တစ်ချက်တစ်ချက်တွင် လူပျော်လူနောက်တို့၏ တရုတ်လုပ်ဗျောက်အိုးဖောက်သံကလည်း ထွက်ပေါ်၍ လာသေးသည်။ ပျော်စရာကောင်းပေစွ ။ စိတ်ကြည်နူးဖွယ် ကောင်းပေစွ။အန္တရာယ်မရှိသောရိုးရာပျော်ရွှင်မှုများ အဆိပ်မပါသော ပင်ကိုယ်ဓလေ့ပျော်ရွှင်မှုများသည် ယခုရှိမှရှိပါသေးစ။
ပြောရဦးမည်။ အပျော်မထိန်းနိုင်ကြသည့် ကိုလူပျိုတစ်သိုက် အကြောင်း။ ညသန်းခေါင်အချိန်တွင် ၄င်းတို့သည် ဗုံမောင်းလင်းကွင်းများကိုသယ်လျက် ရွာလည်လမ်းသို့ တိတ်တဆိတ် ထွက်လာကြသည်။ ရွာလည်လမ်းသို့ ရောက်သည်နှင့် တစ်ပြိုင်နက် ဗုံမောင်းလင်းကွင်းကို ဟိန်းထွက်သွားအောင် တီးတတ်သလိုတီးကာ တစ်အိမ်ဝင်တစ်အိမ်ထွက် မုန့်အလှူခံကြ လေ၏။ အချို့အိမ်များက ရယ်ကာမောကာလှူကြသည်။
အချို့အိမ်များကတော့ လှူပင်လှူသော်ငြား ငေါက်သံပေးလျက်။ မည်သို့ဆိုစေကာမူ ကိုလူပျိုတို့မှာကား အပျော်မပျက်။
“နှောင်းထွန်နေလို့ ထွက်ခဲ့တာ ………မုန့်ဆီကြော် မုန့်ဆီကြော် ။ “
“နန်းအွမ်ဟော်တဲ့ ခေါက်မွန်းဟော် စားပျော်တာဗျို့ ဝမ်တယ်ဗျို့ ။”
တေးမဟုတ် သံချပ်မဟုတ်။ ရှမ်းစကားလည်းမဟုတ် ။ ဗမာလိုလည်း မဟုတ်။ ပါးစပ်ထဲရှိရာ ဆိုကြလေသည် ။ ရှမ်းစကားပျက်ရချေရဲ့ဟု ပူပန်စရာရှိသည်ကလွဲ၍တော့ အခြားပူပန်စရာမတွေ့ရပါ။
လပြည့်ကျော်တစ်ရက်နေ့ ညနေတွင် ရွာရှိလူအားလုံးက ရွာဦးကျောင်းသို့သွားကာ ဘုန်းတော်ကြီးဆီမှ သီလယူကာ တရားနာကြသည်။ ထို့နောက် “ပူကျောင်း”(ပန်းဒကာ)မှနေ၍ ပန်းကန်တော့များထည့်ထားသည့် ပန်းကလပ်ကို ဘုန်းတော်ကြီးထံ ကပ်ကာ အသံနေအသံထားဖြင့် ဘုန်းတော်ကြီးအား ကျောင်းတွင် ဆက်လက် သီတင်းသုံးပါရန် လျှောက်ထားလေသည်။
ဘာအတွက်ကြောင့် ဤသို့လုပ်ရပါသနည်းဟု ကျွန်တော်စပ်စုဖူးသည်။ ကြားနာခဲ့ရသမျှတော့ ရှေးကာလက ရဟန္တာအရှင်မြတ်များသည် ရှမ်းနီဒေသသို့ သာသနာပြုကြွတော်မူလာကြသည်။ ဝါတွင်းကာလ တစ်ခုလုံး ရှမ်းနီဒကာဒကာမတို့ ဆောက်လုပ်လှူဒါန်းသော ကျောင်းတွင် ဝါဆိုတော်မူကာ တရားရေအေးတိုက်ကျွေးတော်မူကြ သည်။ ဝါကျွတ်ချိန်တွင်မူ နတ်များပင့်ဆောင်ရာသို့လည်းကောင်း မဇ္ဈိမဒေသသို့လည်းကောင်း ပြန်လည်ကြွသွားကြလေသည်။ ထိုအခါ ရှမ်းနီဒကာဒကာမတို့မှာ ရဟန္တာမထေရ်မြတ်တို့ကို ၎င်းတို့ဒေသတွင် အမြဲသီတင်းသုံးစေလိုသဖြင့် ဝါကျွတ်ချိန်တိုင်း ပြန်လည်ပင့်ထားကြသည်။ အချိန်ကာလ ကြာလာသောအခါ ဤပင့်ဆောင်မှုသည်ပင် ဘာသာရေးဓလေ့အဖြစ် ရှမ်းနီဒေသတွင် တည်မြဲ၍ ရှိလာခဲ့ပေသည်ဟုဆို၏။ ဟုတ်သည် မဟုတ်သည် အပထား အလွန်ထိန်းသိမ်းသင့်သော ဓလေ့ကောင်းဖြစ်သည်ကတော့ အမှန်ပင်ဖြစ်လေသည်။
ရှမ်းနီဒေသတစ်ခွင်တွင် လပြည့်ကျော်(၁)ရက်နေ့မှ လပြည့်ကျော်(၅)ရက်နေ့အထိ ဒေသအခေါ် ” ပွိုင်းကန်တော့စဝ်မွန်း “(ဘုန်းကြီးကတော့ပွဲ) ကျင်းပကြလေသည်။ အများအားဖြင့် (၅)ရွာတစ်အုပ်စုဖွဲ့ထားသော အစဉ်အလာအရ ထို(၅)ရွာအနက် ဝါတော်အကြီးဆုံးဖြစ်သည့် မထေရ်ကြီးထံ ကျန်ရွာ(၄)ရွာမှ သံဃာတော်နှင့်လူများအားလုံးက သွားရောက်ကန်တော့ကြသည်။
လာကန်တော့သော လူအားလုံးကို ရွာခံတို့က ရိုးရာထမင်းဟင်း တို့ဖြင့် ဧည့်ခံကြသည်။ ရနံ့သင်းသော ထမင်းပေါင်းကို ဖက်ဝန်းတွင် ထည့်ကာ ဝက်သားနှင့်ကျောက်ဖရုံချက် ငါးနှင့်မျှစ်ချဉ်ချက် ခံတက်ချဉ်သုပ် မဲဇလီဟင်းချိုတို့ဖြင့် တွဲဖက်စားရသော ဘုန်းကြီးကန်တော့ပွဲ ထမင်းဟင်းကို ကျွန်တော် ယခုတိုင် တောင့်တနေမိသည်။ စား၍အလွန်မြိန်သည်ကိုး ။
ဤသို့ဖြင့် သံဃာတော်တို့၏ ဝါစဉ်အလိုက် (၅)ရွာပြည့်အောင် လှည့်လည်ကန်တော့ခဲ့ကြပေသည်။ ခြေကျင်သွားတန်သွား လှေစီးတန်စီး စက်လှေစီးတန်စီးနှင့် ဘုန်းကြီးကန်တော့ပွဲ သွားရသော အရသာကလည်း တွေးလိုက်တိုင်း ပြန်၍ပေါ်လာစမြဲပင်။ ပေါ်လာတိုင်းလည်း နှစ်သက်သဘောကျစမြဲ ။ယခုအခါ လူတိုင်းလူတိုင်း (၅)ရွာပြည့်အောင် ကန်တော့ကြသေးရဲ့လား။ မူလရိုးရာဓလေ့အတိုင်း ကျင်းပကြသေးရဲ့လားဆိုသည်ကိုတော့ ကျွန်တော်မသိရတော့ပါ။
မကြာမီ ဝါလကင်းလွတ် သီတင်းကျွတ်တော့မည်။ အထက်ချင်းတွင်းတစ်ခွင်ရှိ ရှမ်းနီဒေသတွင် ဝါကျွတ်ပွဲကို ရိုးရာဓလေ့အတိုင်း ဆက်လက်ကျင်းပလိမ့်မည်ဟု ကျွန်တော် မျှော်လင့်ပါသေးသည်။ လောကတွင် မပျောက်ကွယ်အပ်သော အရာတို့တွင် မိဘဘိုးဘွားတို့ လက်ဆင့်ကမ်းသယ်ယူလာသော ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများမှာ ရှေ့ဆုံးကပါဝင်သည် မဟုတ်ပါလား ။ ။
သုခီ အတ်တာနံ ပရိဟရန်တု
ဆေခမ်းဖ
မန္တလေးတက္ကသိုလ်
တွင်လည်း ရုပ်သံများကို ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
#shannivoice