အောက်တိုဘာ ၂၀ ၊ ခန္တီး
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်အတွင်းမှာ MPT ဖုန်းလိုင်းများပြတ်တောက်နေတာ နှစ်ပတ်ကျော်ကြာမြင့်နေပြီဖြစ်ပြီး လက်ရှိအထိပြတ်တောက်နေဆဲဖြစ်တယ်လို့ ဒေသခံတွေဆီကနေ စုံစမ်းသိရှိရပါတယ်။
“ MPT ကနှစ်ပတ်လောက်ရှိပြီ ဘာမှသုံးလို့မရဘူး။ လိုင်းလုံးဝပြတ်နေတယ်။ ဟုမ္မလင်းဆက်ကြောင်းကနေ ပြတ်လာပြီးတော့မှ ဒီဘက်အထိ ဘာမှမလုပ်နိုင်ဘူး ၊ ဒို့ဟုမ္မလင်းဆက်ကြောင်းကလာမှ ဒီဘက်ကိုရောက်မှာလေနော်။ သူတို့ကတော့ဆက်ကြောင်းပြတ်လို့ ပြင်လို့မရသေးဘူး ဒီလောက်ပဲပြောတာ” လို့ ခန္တီးဒေသခံတစ်ဦးကပြောပြပါတယ်။
ဖုန်းလိုင်းပြတ်တောက်မှုတွေကြောင့် မိသားစုတွေနဲ့အဆက်အသွယ်ပြတ်တောက်နေသူတွေရှိနေပြီး အမြန်ဆုံးပြန်လည်ပြင်ဆင်ပေးစေလိုတယ်လို့လည်း ဒေသခံတချို့ကလည်းဆိုပါတယ်။
ဒီလိုဖုန်းလိုင်းပြတ်တောက်မှုတွေကြောင့်တခြားအော်ပရေတာဖုန်းလိုင်းတွေကို ပြောင်းလဲအသုံးပြုရပြီးဆင်းကဒ်စျေးတွေလည်း ပုံမှန်စျေးထက်အဆပေါင်းများစွာစျေးမြင့်တက်နေတာဖြစ်တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသတွေမှာ စက်တင်ဘာလကုန်ပိုင်းကစပြီး အောက်တိုဘာလ နောက်ဆုံးအပတ်ထိ ပြတ်တောက်နေဆဲဖြစ်ပါတယ်။
MPT ဖုန်းလိုင်းတွေက စစ်ကိုင်းတိုင်းအထက်ပိုင်းဖြစ်တဲ့ ဟုမ္မလင်း၊ ဗန်းမောက်မြို့နယ် တွေမှာ ပြတ်တောက်မှုတွေဖြစ်ခဲ့ပြီး ဒီနေ့အောက်တိုဘာ ၂၀ ရက်နေ့ ညနေပိုင်းမှာ လိုင်းပြန်ဖွင့်လာပြီလို့ သိရပါတယ်။