ခမ်းပတ်မြို့ လေကြောင်းမှ တိုက်ခိုက်ခံရပြီးနောက် ကျေးရွာ ၁၅ရွာ ဝန်းကျင် စစ်ဘေးတိမ်းရှောင် 

ဇန်နဝါရီ ၂၃ ၊ ခမ်းပတ် 

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ် ခမ်းပတ်မြို့နှင့် ကနန်ကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုအပြီး အနီးပတ်ဝန်းကျင်ကျေးရွာ ၁၅ ရွာဟာ အိန္ဒိယနိုင်ငံနယ်စပ်ဘက်ကို စစ်ဘေးတိမ်းရှောင်ကြတယ်လို့ ဒေသခံတွေဆီကနေ စုံစမ်းသိရပါတယ်။ 

ပြေးကြရပြီပေါ့။ ဒီရက်ထဲမှာ ဆက်တိုက်ဆိုသလို ဗုံးတွေလေကြောင်းကနေလာကြဲနေတော့ အိန္ဒိယဘက်ကို တော်တော်များများရှောင်ကြပြီ။ နောက်ထပ်လာကြဲမှာကို အရမ်းစိုးရိမ်နေကြတယ်။ ခါမ်းပါတ်၊ ကနန်၊ ကျွန်းတောရေရှင်၊ ဖက်ယားရေရှင်၊ ကံမ္မကြီး၊ ဝိတုတ်၊ စော်ဘွားရေရှင်အဲ့ဒီရွာတွေက ရွာပေါင်း ၁၄၊ ၁၅ရွာလောက်ရှိတယ်။ ကလေး-တမူး လမ်းမကြီး တလျှောက်ရွာတွေကပဲ ရှောင်နေကြရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

စစ်ဘေးရှောင်တွေဟာ ခမ်းပတ်မြို့က ဒေသခံတွေအပါအဝင် တမူး-ကလေး လမ်းမပေါ်က ကျေးရွာတွေအများဆုံးဖြစ်ပြီးအိန္ဒိယနိုင်ငံထဲကို ထွက်ပြေးတိမ်းရှောင်ကြရတာပါ။ 

ခမ်းပတ်မြို့နဲ့ ကနန်မြို့မှာ NUG ရဲ့ ပြည်တွင်းရုံးတွေဖွင့်လှစ်သွားမယ်ဆိုတဲ့ သတင်းတွေကြောင့် စစ်ကောင်စီ  ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲ့ဒီတစ်ရက်တည်း စစ်ကိုင်းတိုင်းထဲက NUG သိမ်းပိုက်ထားတဲ့မြို့တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ 

နောက်တခုက ဒီဘက်မှာက NUGကရုံးထိုင်မယ်ဆိုပြီး သတင်းတွေထွက်လာတော့ ဒါကိုလည်းသူတို့ ဂရုစိုက်ပုံရတယ်။ ဒါကြောင့် သိမ်းထားတဲ့ ထိန်းထားတဲ့နေရာတွေကို အကုန်လုံးလျှောက်ပစ်တာပေါ့”​လို့ သူက ဆက်ပြောပါတယ်။ 

ခမ်းပတ်မြို့မှာ  ဇန်နဝါရီလ ၁၆ ရက်နဲ့ ၂၀ ရက်နေ့က  လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် ၄ ဦးသေဆုံးခဲ့သလို ထိခိုက်သူ နှစ်ဆယ်ဝန်းကျင်ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

အိန္ဒိယနိုင်ငံဘက်ကလည်း မြန်မာစစ်ဘေးရှောင်တွေကို ဒီနှစ်ဆန်းပိုင်းမှာ ပြန်ပို့မယ်လို့ပြောဆိုထားပြီး လက်ရှိမှာ စစ်ဘေးရှောင်တွေရဲ့ ဇီဝဒေတာတွေကို ကောက်ယူထားပြီးဖြစ်တယ်လို့ မဏိပူရ်ပြည်နယ်အစိုးရကပြောဆိုထားပါတယ်။ 

စစ်ကိုင်းတိုင်းဟာ မြန်မာနိုင်ငံအတွင်း နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူအများဆုံးတိုင်းတစ်ခုဖြစ်ပြီး အိန္ဒိယနယ်စပ်နဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသ ၊ မြောက်ပိုင်းဒေသကို စစ်ဘေးတိမ်းရှောင်ကြတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *