
ဖေဖော်ဝါရီ ၂၃၊ ဟုမ္မလင်း
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကို ကုန်ပစ္စည်းများတင်ပို့နေတဲ့ အမြန်ရေယာဉ်တွေကို သွားလာခွင့်အတွက် လာမယ့် ရက်ပိုင်းကစလို့ စစ်ကောင်စီက ပိတ်သွားမယ့်သတင်းတွေထွက်ပေါ်လာနေပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က မုံရွာကနေ ဟုမ္မလင်းမြို့ကို တင်ပို့လိုက်တဲ့ ကုန်ပစ္စည်းတင် ရေယာဉ် ရာနှင့်ချီဟာ အခုရက်ပိုင်းမှ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ရေလမ်းကြောင်းပြန်ဖွင့်ပေးလိုက်လို့ ဟုမ္မလင်းကို ရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။
“ အခုက ဖွင့်ပြီးပြန်ပိတ်မယ်ထင်တယ်။ ရေယာဉ်တွေက လေးရာဘယ်ကမလဲ ခိုပဲဝကစလို ဟိုးဘက် ထိအတန်းအရှည်ကြီးပဲ ငါးရာနီးနီးရှိတယ်။ အခုက ဘာကြားနေရသလဲဆိုတော့ စစ်တပ်က ရေလမ်းကိုပြန်ပိတ်မယ်ပြောနေတာ။ ဒီရေလမ်းကနေပဲ ထောက်ပို့(PDF ထောက်ပို့) တွေအများဆုံးအသုံးပြုနေလို့ မုံရွာကနေ ပိတ်မယ်ပြောနေတယ်” လို့ ဟုမ္မလင်းမြို့ရှိ ကုန်သည် တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီက ချင်းတွင်းမြစ်ကြောင်းအတွင်း ကုန်သည်အမြန်ရေယာဉ်တွေကို ပိတ်ပင်မယ့်အဓိကအကြောင်းအရင်းက ဒေသာကာကွယ်ရေးတပ်တွေအတွက် လိုအပ်တဲ့ ရိက္ခာနဲ့ အခြေခံ စားသောက်ကုန်တွေကို ဒီအမြန်ရေယာဉ်တွေနဲ့ သယ်ဆောင်နေတာကြောင့်လို့ ပြောဆိုကြောင်းသိရပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှ ခန္တီးမြို့အထိ ချင်းတွင်းမြစ်ကြောင်းတလျှောက်ရှိ မြို့အများစုကို ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက စိုးမိုးနေရာယူထားတာလည်းဖြစ်ပါတယ်။
ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက စိုးမိုးထိန်းချုပ်ထားတာကြောင့် စစ်ကောင်စီက အထက်ပိုင်းဒေသသို့ ကုန်ပစ္စည်းတင်ပို့ရင် စစ်ရေယာဉ်တန်း ဆယ်နှင့်ချီပါဝင်ပြီး သွားလာနေရပြီး အရပ်သားကုန်ပစ္စည်းတွေလည်း မကြာခဏပိတ်ဆို့ခံရမှုတွေရှိခဲ့တာဖြစ်ပါတယ်။
အရပ်သားရေယာဉ်တွေမှာတော့ ဒေသအတွက်အခြေခံစားသောက်ကုန်များ ၊ လုပ်ငန်းသုံးကုန်ပစ္စည်းများ ၊ ဘိလိပ်မြေနဲ့ ဒီဇယ်တွေအများဆုံးသယ်ယူကြတာဖြစ်ပါတယ်။
ချင်းတွင်းမြစ်ကမ်းဘေးတလျှောက်ရှိ မြို့နယ်တွေဟာ ရေကြောင်းကိုသာအဓိကထားအသုံးပြုနေကြရတာဖြစ်ပြီး ကုန်လမ်းပိုင်းများဟာ ၂၀၂၂ ခုနှစ်မှစပြီး ဒေသကာကွယ်ရေးတပ်နဲ့ စစ်
ကောင်စီတပ်တို့က အပြန်အလှန်ပိတ်ပင်ထားကြတာဖြစ်ပါတယ်။