ဇူလိုင် ၂၃ ၊ နေပြည်တော်
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂၀၂၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့တွင် မြန်မာကျပ်ငွေ နှစ်သောင်းတန် ငွေစက္ကူ အသစ်ကို စတင် ထုတ်ဝေသွားမယ်လို့ ဗဟိုဘဏ်က ကြေညာပါတယ်။
“နှစ်သောင်းကျပ်တန်” ငွေစက္ကူအသစ်ကို အကန့်အသတ်နဲ့ ထုတ်ဝေသွားမှာဖြစ်ပြီး နိုင်ငံအတွင်း လှည့်လည်သုံးစွဲနေသော ငွေစက္ကူများအနက် လှည့်လည်သုံးစွဲဖို့အဆင်မပြေသည့် ဟောင်းနွမ်းငွေစက္ကူအမျိုးမျိုးနဲ့ “တန်းဖိုတူ” လဲလှယ်ပေးသွားမယ်လို့ သိရှိရပါတယ်။
နှစ်သောင်းကျပ်တန် ငွေစက္ကူအသစ်ကို ဟောင်းနွမ်းငွေစက္ကူများနဲ့ တန်းဖိုးတူ လဲလှယ်ရာမှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်-နေပြည်တော်၊ ရန်ကုန်ဘဏ်ခွဲနှင့် မန္တလေးဘဏ်ခွဲ တို့ကနေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
နှစ်သောင်းကျပ်တန် ငွေစက္ကူပုံစံကတော့ အရွယ်အစားက အလျား ၁၅ စင်တီမီတာ၊ အနံ ၇ စင်တီမီတာ၊ အရောင်က အစိမ်းနုရောင်ဖြစ်ပြီး အရှေ့မျက်နာဘက်မှာ ဆင်ဖြူတော်ပုံ၊ ကျောဘက်ခြမ်းမှာ စစ်ကိုင်းတံတားပုံနှင့် ဧရာဝတီတံတား(ရတနာပုံ) စတဲ့အမှတ်အသားများ ပါရှိထားတယ်လို့ ဆိုပါတယ်။
နေပြည်တော်တွင် တည်ထားကိုးကွယ်သည့် “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော် တည်ဆောက်ပြီးစီးမှုအထိမ်းအမှတ်နှင့် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့မှာ ဖွားမြင်ခဲ့တဲ့ ဆင်ဖြူတော် “ရဌနန္ဒက”၏ မွေးနေ့ အထိမ်းအမှတ်အနေနဲ့ ဗဟိုဘဏ်ကနေ “နှစ်သောင်းကျပ်တန်” ငွေစက္ကူအမျိူးအစားသစ်ကို ထုတ်ဝေသွားမယ်လို့ ငွေစက္ကူထုတ်ဝေခြင်းနဲ့ ပတ်သက်ပြီး ဆိုထားပါတယ်။