ဩဂုတ် ၁၂ ၊ မိုးကောင်း
စက်သုံးဆီတွေက တစ်ရက်အတွင်းတဟုန်ထိုးတက်သွားပြီးတဲ့နောက် စက်သုံးဆီဝယ်ယူသူတွေကို အကန့်အသတ်နဲ့သာ ရောင်းချနေကြတယ်လို့ သွားရောက်တန်းစီဝယ်ယူသူတွေဆီကနေသိရပါတယ်။
ဩဂုတ်လ ၁၂ ရက်နေ့မှာ စက်သုံးဆီစျေးတွေကတစ်လီတာကို၂၂၄၅ ကျပ်အထိ မြင့်တက်လာကာ တစ်ပတ်အတွင်း ကျပ် ၅၀၀ အထိမြင့်တက်လာခဲ့တာလည်းဖြစ်ပါတယ်။
စက်သုံးဆီစျေးနှုန်းတွေမြင့်တက်လာနေသလို ဝယ်ယူရာမှာလည်း ဆိုင်တချို့က ဆီပြတ်လပ်နေလို့ ပိတ်ထားရတာရှိပြီး ၊ သိုလှောင်ထားတဲ့ဆိုင်တွေကလည်း စျေးတင်ရောင်းကြသည့်အပြင် အကန့်အသတ်နဲ့သာဝယ်ယူရတယ်လို့သိရပါတယ်။
မတည်မငြိမ်ဖြစ်နေတဲ့ စက်သုံးဆီစျေးနှုန်းတွေနဲ့ မကြာခဏပြတ်လပ်မှုတွေဖြစ်နေတာကြောင့် ဒေသခံတွေကြားမှာလည်း လုပ်ငန်းနှောင့်နှေးမှု ၊ ကုန်ကျစရိတ်ပိုမြင့်မားလာမှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ ပြောဆိုကြပါတယ်။
စက်သုံးဆီနဲ့ ပတ်သက်ပြီး မိုးကောင်းဒေသခံတစ်ဦးပြောပြတာက
“ အဓိကတော့ ပိုက်ဆံပေးပြီးတောင်ဝယ်လို့တောင်မရတာပေါ့၊ ပီတို့ဆို စပါးဝယ်တဲ့သူတွေဆိုတော့ ဝေးဝေးလံလံ စပါးမဝယ်ထွက်ရဲဘူး ဆီပြတ်မှာကြောက်လို့ ၊ လုပ်ငန်းတွေမတွင်ကျယ်ဘူး။ ကိုယ့်ရဲ့ ကုန်ပစ္စည်းတွေသယ်ဖို့အတွက်ဆိုရင် ဆီစျေးတွေလည်းကြီးနေတယ်။ မလောက်မငှတွေဖြစ်နေတဲ့အတွက် ပြင်ပဆိုင်အသေးတွေကရောင်းတာတွေကလည်း စျေးကြီးလာပြီကွာ မတန်တဆစျေးတွေနဲ့ထည့်ရတယ် အဲ့လိုထည့်ရတဲ့အတွက်ကြောင့်မို့ ကုန်စည်စီးဆင်းမှုတွေမှာလည်း သူ့ရဲ့ ကုန်ကျမှုတွေကပိုလာတယ်။ အဲ့လိုတွေကြောင့် လုပ်ငန်းလည်ပတ်ဖို့အတွက်လည်း ထိခိုက်မှုရှိတယ်။
စစ်ကောင်စီဘက်ကတော့ စက်သုံးဆီတွေက အလုံအလောက်ရှိနေပြီး ပြတ်လပ်မှုတွေမဖြစ်နိုင်ဘူးလို့ ဇူလိုင်နောက်ဆုံးအပတ် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။
စက်သုံးဆီတွေက အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်ကတည်းစ စျေးနှုန်းမြင့်တက်မှုနဲ့ ပြတ်လပ်မှုတွေ မကြာခဏဖြစ်ပေါ်နေတာလည်းဖြစ်ပါတယ်။