စစ်ကိုင်းတိုင်းက NUG သိမ်းထားတဲ့ ခမ်းပတ်မြို့ နဲ့  မော်လူးမြို့ကို  စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲ

ဇန်နဝါရီ ၁၇ ၊ မော်လူး

အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့နယ် ခမ်းပတ်မြို့နဲ့ ကနန်ကျေးရွာကို  စစ်ကောင်စီက ဇန်နဝါရီလ ၁၆ ရက်နေ့ညမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

မနေ့ည ၈ နာရီခွဲအချိန်မှာ ကနန်ကျေးရွာဘုန်းကြီးကျောင်းအနီးကို စစ်ကောင်စီရဲ့ လေယာဉ်နှစ်စီးက ကနဦး ဗုံးကြဲတိုက်ခိုက်သွားတာဖြစ်ပြီး PDF တပ်သားတစ်ဦးသေဆုံး သလို သုံးနှစ်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။​

လေကြောင်းကနေ  ဗုံးကြဲတိုက်ခိုက်မှုဟာ NUG ရဲ့  ခရိုင် ပြည်သူ့ကာကွယ်ရေး ရုံးနားမှာ ပေါက်ကွဲတဲ့ ဗုံးကြောင့် နေအိမ် ၁၅ လုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။ 

ခမ်းပတ်မြို့ နဲ့ ကနန်ကျေးရွာမှာ  NUGရဲ့  ပြည်တွင်းရုံးဖွင့်မယ်ဆိုတဲ့ ထင်မြင်ချက်တွေထွက်လာပြီးနောက် အခုလို လေကြောင်းတိုက်ခိုက်ခံရတာလည်းဖြစ်ပါတယ်။ 

မနေ့ကတစ်ရက်တည်းမှာပဲ NUG သိမ်းထားတဲ့ အင်းတော်မြို့နယ် မော်လူးမြို့ကို လေကြောင်းမှ စစ်ကောင်စီက တိုက်ခိုက်ခဲ့သေးကြောင်းလည်းသိရပါတယ်။ 

“ မနေ့ညကအသံတွေကြားလိုက်ရတယ်။ မိုင်းကွဲသံတွေကြားလိုက်ရတယ်။ မြို့ထဲမှာလည်း ပြောနေကြတယ် မော်လူးကို လေယာဉ်ချသွားတယ်”​လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

မော်လူးမြို့ဝင်မြို့ထွက်အနီးမှာရှိတဲ့ ပကဖ၊ ပလဖ ဂိတ်မှာ ဗုံးတစ်လုံးကျရောက်ပေါက်ကွဲခဲ့သလို ရပ်ကွက် ၃ ခုအတွင်းတွေမှာလည်း ဗုံးကျရောက်ပေါက်ကွဲခဲ့ပါတယ်။ 

လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရမှုတွေကြောင့် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။ 

စစ်ကိုင်းဖိုရမ်မှ ကိုစိုးဝင်းဆွေကလည်း ကနန်လေကြောင်းတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး NUG ရဲ့ ရုံးဖွင့်နိုင်တယ်ဆိုတဲ့  ရေပန်းစားနေတဲ့ နေရာတွေကို ဗုံးကြဲခံရတာကို  NUG လူကြီးတွေ တာဝန်ယူပေးဖို့ မနေ့က အွန်လိုင်းကနေ ရေးသားထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *