စစ်ကိုင်းတိုင်းထဲမှာ အကြမ်းဖက်မှုတွေကြောင့် တစ်လလျှင် အရပ်သား လူ (၇၀) ကျော် သေဆုံးနေ

ဩဂုတ် ၂၉ ၊ စစ်ကိုင်း

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ အကြမ်းဖက်မှုတွေကြောင့် ၂၀၂၄ ခုနှစ် နှစ်စကနေ ဇူလိုင်လအထိ (၇)လတာအချိန်အတောအတွင်း အရပ်သား(၄၉၉)ဦးသေဆုံးခဲ့တာအပြင် ဒဏ်ရာရရှိသူ (၄၆၄)ဦး ရှိခဲ့တယ်လို့ Data for Myanmar ရဲ့ စာရင်းမှတ်တမ်းတွေအရ သိရပါတယ်။

အရပ်သားသေဆုံးမှုအများဆုံးခရိုင်တွေက စစ်ကိုင်းခရိုင်၊ ကလေးခရိုင်၊ မုံရွာခရိုင်နဲ့ရွှေဘိုခရိုင်တွေမှာဖြစ်ပြီး သေဆုံးသူ(၅၀၀)နီးပါးထဲ ဒီခရိုင်(၄)ခုစုစုပေါင်းမှာ (၃၄၉)ဦးရှိခဲ့တယ်လို့ ဆိုထားပါတယ်။

ဒီထဲကမှ ပြီးခဲ့တဲ့ဇွန်လမှာ သေဆုံးသူ(၆၅)ဦး နဲ့ ဒဏ်ရာရရှိသူ (၁၁၃)ဦး စုစုပေါင်း (၁၇၈)ဦးရှိခဲ့ပြီး အရပ်သားထိခိုက်သေဆုံးသူ အများဆုံးလဖြစ်ခဲ့ပြီး မေလမှာ(၁၆၉)ဦး၊ မတ်လမှာ(၁၅၉)ဦး၊ဖေဖော်ဝါရီလမှာ (၁၅၄)ဦး၊ ဂျန်နဝါရီလမှာ (၁၄၆)ဦး၊ ဇူလိုင်လမှာ (၇၉)ဦး၊ ဧပြီလကတော့ (၇၈)ဦးနဲ့ သေဆုံးသူနဲ့ ထိခိုက်သူအနည်းဆုံးလဖြစ်ခဲ့ပါတယ်။

စာရင်းများကိုကြည့်ခြင်းအားဖြင့် လစဉ်သေဆုံးသူ ပျမ်းမျှ(၇၁)ဦးနဲ့ ဒဏ်ရာရသူ လစဉ်ပျမ်းမျှ(၆၆)ဦးထိ ရှိနေကာ သေဆုံးတဲ့ထဲအသက်(၁၈)နဲ့အထက်အမျိုးသားတွေ အများဆုံးဖြစ်ကာ(၂၉၄)ဦးရှိခဲ့ပြီး အမျိုးသမီးက(၁၁၉)ဦး၊ကလေးသူငယ်ဦးရေက (၄၀)ဦးနဲ့ ကျား/မ/ကလေးသူငယ် ခွဲမရတာက (၄၆)ဦးရှိနေတာလို့ သိရပါတယ်။

အများအားဖြင့် လက်နက်ကြီး၊ ဒရုန်း၊ဗုံး၊တွေကြောင့် ထိခိုက်သေဆုံးကြတာဖြစ်ပြီး လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ညှင်းပန်းဖမ်းဆီးသတ်ဖြတ်မှုတွေ၊ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေကြောင့်လည်း ဒဏ်ရာရမှုများ၊ သေဆုံးမှုများရှိခဲ့တာလို့ ဆိုထားပါတယ်။

အခုလို လူသေဆုံးမှုတွေဟာ စစ်ရေးဆိုင်ရာ ကျင့်ဝတ်တွေကို လိုက်နာမှုအားနည်းတာ ၊ အရပ်သား ထိခိုက်မှုနည်းအောင် ကြိုတင်ကာကွယ်ဆောင်ရွက်မှုတွေ အားနည်းတွေကြောင့်လို့ Data for Myanmar က သုံးသပ်ထားပြီး လက်နက်ကိုင်အဖွဲ့အစည်းတွေ အားလုံး အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေ အမြန်ဆုံးရပ်တန့်ဖို့ လိုတယ်လို့လည်း ပြောဆိုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *