စစ်ကိုင်းတိုင်းဒေသကြီးမှာ အခွန်ငွေတိုးတက်ကောက်ခံသွားမယ်

2019 ခုနှစ် စစ်ကိုင်းတိုင်း စည်ပင်သာယာရေးအဖွဲ့များအစည်းဝေး ပုံဟောင်း

ဒီဇင်ဘာ ၃ ၊ စစ်ကိုင်း

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ ရသင့်ရထိုင်တဲ့အခွန်အခတွေကို လာမယ့် ၂၀၂၅ ခုနှစ်မှာ ဘဏ္ဍာနှစ်အတွင်း အပြည့်အဝကောက်ခံရရှိနိုင်ဖို့ စစ်ကိုင်းတိုင်း စစ်ကောင်စီ က လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

အခွန်တိမ်းရှောင်နေကြတဲ့ စီးပွားရေးလုပ်ငန်းရှင်များ၊ ဝန်ဆောင်မှု ရယူထားသူများအနေနဲ့ အခွန်ခကင်းလွတ်ခွင့် မရရှိဖို့ ကောက်ခံသွားကြဖို့ကို ဒီဇင်ဘာလ ၃ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြလာပါတယ်။

စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်က အခွန်ငွေ ရရှိမှသာ သုံးစွဲငွေသုံးစွဲနိုင်မှာဖြစ်တာကြောင့် အခွန်ငွေများ တိုးတက်ကောက်ခံရရှိရေးတွက်ကြိုးစားဖို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ အခွန်မဆောင်တဲ့ လှုပ်ရှားမှုတွေကြောင့် အစောပိုင်းနှစ်တွေမှာ စစ်ကောင်စီအနေနဲ့ အခွန်ရငွေ ကျဆင်းခဲ့ပေမဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ကစပြီး အခွန်ရငွေတွေ ပြန်လည်တိုးမြင့်ရရှိလာနေပါတယ်။

စစ်ကောင်စီကောက်ခံရရှိသော အကောက်ခွန်ငွေများထဲမှာ ဝင်ငွေခွန်နှင့် ကုန်သွယ်ခွန်တို့ဟာ ရရှိငွေအများဆုံးဖြစ်နေကြောင်းလည်း သတင်းမှတ်တမ်းများအရ လေ့လာသိရှိထားရပါတယ်။

၂၀၂၄-၂၀၂၅ ခုနှစ်အတွက် နိုင်ငံတော်ရရှိမယ့် ဝင်ငွေအားလုံးရဲ့ ၃၀ ရာခိုင်နှုန်းနီးပါးအထိရှိနေပြီး ဂျီဒီပီရဲ့ ၆ ရာခိုင်နှုန်းရှိနေတာလို့ ရသုံးမှန်းခြေငွေစာရင်းမှာဖော်ပြထားပါတယ်။

လက်ရှိမှာ ပြည်တွင်းအခွန်များဦးစီးဌာနအနေနဲ့ စစ်ကောင်စီအတွက် ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်၊ တံဆိပ်ခေါင်းခွန်၊ အောင်ဘာလေသိန်းဆုခွန်နဲ့ ရတနာခွန်တွေကို အဓိက တာဝန်ယူကောက်ခံပေးနေတာဖြစ်ပြီး အဆိုပါအခွန်တွေဟာ နိုင်ငံတော်က ကောက်နေတဲ့ အခွန်စုစုပေါင်းပမာဏရဲ့ ၈၅ ရာခိုင်နှုန်းနီးပါး ရှိနေပါတယ်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက်လည်း အခွန်အကောက်ရငွေကို ကျပ် ၉ ဒသမ ၄ ထရီလျံရရှိဖို့ လျာထားပြီး အဲ့ဒီထဲမှာ ဝင်ငွေခွန်ကနေ ၃ ဒသမ ၄ ထရီလျံ ရရှိနိုင်မယ်လို့ စစ်ကောင်စီက ခန့်မှန်းထားပြီး အခွန်ငွေရရှိမှု တိုးတက်လာတာတွေဟာ အခွန်နှုန်းထား တိုးမြင့်ကောက်ခံတာမျိုးမဟုတ်ပဲ ရသင့်ရထိုက်သည့် အခွန်ကောက်ခံမှုနယ်ပယ်တွေ တိုးချဲ့ကောက်ခံတာမျိုးဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ စစ်ကောင်စီရဲ့ဂိတ်များ ၊ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဂိတ်များ နဲ့ တော်လှန်ရေးအင်အားစုများကို ကုန်သွယ်ခွန် ၊ ဖြတ်သန်းသွားလာခွန် ၊ ယာဉ်ခွန် စသည့် ခေါင်းစဉ်အမျိုးမျိုးဖြင့် ပေးဆောင်နေရကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *