
ဖေဖော်ဝါရီ ၂၀ ၊ စစ်ကိုင်း
နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူတွေကို တစ်လ ကျပ်နှစ်သောင်းစီထောက်ပံ့မယ့် အစီအစဉ်အရ မနေ့က စတင်ပြီး စစ်ကိုင်းတိုင်းအတွင်းက မြို့တချို့မှာ ထောက်ပံ့ပေးနေတယ်လို့ စုံစမ်းသိရှိရပါတယ်။
စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြို့နယ်အတွင်း ထွက်ပြေးတိမ်းရှောင်လာကြတဲ့ စစ်ဘေးရှောင်တွေကို စာရင်းကောက်ယူပြီး ထောက်ပံ့ပေးအပ်နေတာဖြစ်တယ်လို့ စစ်ကောင်စီ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ ကန့်ဘလူမြို့က စစ်ဘေးရှောင် ၁၄၉ ဦး ၊ မနေ့က ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ မုံရွာမြို့က ၃၆၀ ဦး နဲ့ ကသာမြို့က စစ်ဘေးရှောင် ၃၅၃ ဦးကို တစ်ဦးလျှင် ကျပ်နှစ်သောင်းစီ ပေးအပ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
စစ်ကောင်စီထိန်းချုပ်ထားတဲ့မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေရှိ စစ်ဘေးရှောင်လူဦးရေကိုသာ စိစစ်နိုင်သေးပြီး တခြားသော စစ်ဘေးရှောင်တွေအရေအတွက်ကိုတော့ ကောက်ယူနိုင်ခြင်းမရှိသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
ကုလသမဂ္ဂရဲ့စာရင်းတွေအရ စစ်ကိုင်းတိုင်းဒေသကြီးဟာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်မှုအများဆုံးသော တိုင်းဒေသကြီးတစ်ခုဖြစ်သလို လက်ရှိမှာ လူဦးရေ ၁.၂ သန်းကျော်ရှိတယ်လို့ ဆိုထားပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ မြို့နယ် ၃၇ ခုအနက် ထက်ဝက်ကျော်လောက်ကို တိုင်းရင်းသားလက်နက်ကိုင်များ နဲ့ NUG ရဲ့ ကာကွယ်ရေးတပ်ဖွဲ့များ ၊ တခြားဒေသကာကွယ်ရေးတပ်ဖွဲ့များက အသီးသီးထိန်းချုပ်ထားတာဖြစ်ပါတယ်။
နိုင်ငံတစ်ဝန်းရှိ တိုက်ပွဲများ၊သဘာဝဘေးအန္တရာယ်များကြောင့် နေရပ်စွန့်ခွာရှောင်တိမ်းနေရသူတွေကို လိုအပ်တဲ့ထောက်ပံ့ပေးမှုများ ဆောင်ရွက်ပေးသွားမယ်လို့ ဇန်နဝါရီလ (၁၇)ရက်နေ့မှာ စစ်ကောင်စီကကြေညာထားခဲ့တာပါ။