မေ ၇ ၊ ရန်ကုန်
စစ်ကောင်စီခေါင်းဆောင်ဖိတ်ခေါ်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်အသက်သွင်းတာနဲ့ အတုအယောင်ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်ဖြစ်တာကြောင့် တရားဝင်မှုမရှိကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) က မေလ (၇) ရက်နေ့ မှာထုတ်ပြန်လိုက်ပါတယ်။
ဒါ့အပြင် ဒီဖိတ်ခေါ်မှုကိုလည်း NUCC အနေနဲ့ ရှုတ်ကြောင်းပြောဆိုထားပါတယ်။
စစ်ကောင်စီဘက် နိုင်ငံရေး ၊ စစ်ရေး စတဲ့ အဘက်ဘက်က အကြပ်အတည်းဆိိုက်ပြီး ဆက်လက်ရပ်တည်းဖို့ ခက်ခဲလာနေတာကြောင့် ငြိမ်းချမ်းရေးဖိတ်ခေါ်တာဖြစ်ပြီး ဒီပြဿနာတွေကို ယာယီဖြေရှင်းဖို့ ကြိုးစားမှုတစ်ရပ်ပဲဖြစ်တယ်လို့ ဆိုပါတယ်။
ဒီလိုငြိမ်းချမ်းရေးဆွေးနွေးမှုကမ်းလှမ်းချက်ကို ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့ကြတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းကို NUCC အနေနဲ့ လေးစားအသိအမှတ်ပြုတယ်လို့လည်းဆိုပါတယ်။
စစ်ကောင်စီဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးပွဲအတွက် အပစ်ရပ်ထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့ တစ်ချို့နဲ့ အပစ်မရပ်ရသေးတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေလည်း တက်ရောက်မယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီအနေနဲ့လည်း နှစ်ပေါင်း ၇၀ ကျော်ကြာ ကြိုးစားအကောင်အထည်ဖော်ခဲ့ကြတဲ့ အမျိုးသားတန်းတူရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကို လက်တွေ့အကောင်အထည်ဖော်နေပြီဖြစ်တဲ့အကြောင်း ထည့်သွင်းပြောဆိုထားပါတယ်။