
ဇန်နဝါရီ ၁၂ ၊ လားရှိူး
စစ်ပွဲတွေ ပြင်းထန်ဆင်နွဲနေဆဲဖြစ်တဲ့ မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့နဲ့ စစ်ကောင်စီတို့အကြား ယာယီ အပစ်ခတ်ရပ်စဲမယ့် သဘောတူညီမှု ရရှိခဲ့တယ်လို့ ဒေသတွင်းနှင့် နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြကြပါတယ်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့မှာပြုလုပ်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ နဲ့ စစ်ကောင်စီတို့ရဲ့ ဆွေးနွေးမှုများအပြီး သဘောတူညီချက်ရရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
မဟာမိတ်တပ်ဖွဲ့များဘက်မှ ရန်သူ့စစ်စခန်း သို့မဟုတ် မြို့ရွာများကို တိုက်ခိုက်ခြင်းမပြုကြောင်း သဘောတူညီမှု နှင့် စစ်ကောင်စီဘက်မှလဲ လေကြောင်းသုံးတိုက်ခိုက်မှု ၊ ဗုံးကြဲတိုက်ခိုက်မှု ဖျက်အားပျင်းလက်နက်ကြီး (heavy weapons ) အသုံးမပြုဖို့ သဘောတူညီပေးခဲ့တာလို့ ရိုက်တာ သတင်းဌာနက ဖော်ပြထားပါတယ်။
ခုလို စစ်ကောင်စီနှင့် အပစ်ခတ်ရပ်စဲဖို့ သဘောတူညီလိုက်တာကို တအာင်းပလောင်လက်နက်ကိုင် ခေါင်းဆောင်တွေဘက်က ပြောဆိုထားတာဖြစ်ပြီး ၎င်းနှင့်ပတ်သက်လို့ စစ်ကောင်စီ ၊ MNDAA၊ AA တို့ကတော့ တစ်စုံတစ်ရာ ထုတ်ပြန်ထားတာမျိုးမရှိသေးပါဘူး။
ကူမင်းဆွေးနွေးပွဲမှာ စစ်ကောင်စီဘက်က အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ – NMSC က ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင် ဦးဆောင်ပြီးတော့ TNLA/PSLF ၊ MNDAA ၊ AA က ထိပ်ပိုင်းခေါင်းဆောင်များအပါအဝင် ဆွေးနွေးခဲ့ကြတာလို့ သိရပါတယ်။
“ဝ” တပ်ဖွဲ့ကလည်း ကိုးကန့်ဒေသအတွင်း တိုက်ပွဲများ ရပ်ဆိုင်းသွားပြီဖြစ်ပြီး နမ့်တစ်မြို့က စစ်ဘေးရှောင်တွေကို လာမယ့် ဇန်နဝါရီ ၁၅ ရက်နေ့ကစလို့ ကူညီမှုရပ်ဆိုင်းတော့မှာဖြစ်ပြီး စစ်ဘေးရှောင်များနေရပ်ပြန်နိုင်ကြောင်း ကြေညာထားပါတယ်။