စစ်ကောင်စီ နှင့် တွေ့ဆုံဆွေးနွေးရန်အသင့်ရှိနေဟု TNLA ထုတ်ပြန်လာ

နိုဝင်ဘာ ၂၅ ၊ လားရှိူး

တအာင်း(ပလောင်)လွတ်မြောက်ရေးတပ်မတော် (TNLA) က စစ်ကောင်စီနှင့်တွေ့ဆုံဆွေးနွေးရန်အသင့်ရှိနေကြောင်း ဒီနေ့ နိုဝင်ဘာ ၂၅ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။

စစ်အာဏာရှင်စနစ် အမြစ်ပြုတ်သည်ထိ တော်လှန်မည်ဟုဆိုသည့် တအောင်းလက်နက်ကိုင်တပ်ဖွဲ့ TNLA သည် တိုက်ပွဲများရပ်တန့်ရန် တရုတ်နိုင်ငံ၏ ကြားဝင်ကြိုးပမ်းမှုများကို လေးစားသည့်အနေဖြင့် စစ်ကောင်စီနှင့်တွေ့ဆုံဆွေးနွေးရန် အသင့်ရှိနေပြီဖြစ်ကြောင်း ဒီနေ့မှာ သဘောထားထုတ်ပြန်ကြေညာခဲ့တာလည်းဖြစ်ပါတယ်။

စစ်ရေးပဋိပက္ခများအဆုံးသတ်ပြီး တည်ငြိမ်အေးချမ်းသည့် နိုင်ငံတည်ဆောက်ရေးအတွက် တရုတ်၏ ကြားဝင်စေ့စပ်မှုများကို အပြုသဘောအမြင်ထားရှိပြီး ကောင်းမွန်သည့်ရလဒ်ရရှိအောင် အမြဲပူးပေါင်းဆောင်ရွက်မည်ဖြစ်တယ်လို့လဲ ဆိုပါတယ်

မိမိကိုယ်ကို ခုခံကာကွယ်ခွင့်ကို ကိုင်စွဲထားပြီး ပြဿနာကို ဖြေရှင်းနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးကြဖို့ အမြဲတမ်းအဆင်သင့်ရှိနေကြောင်း ဆိုထားပါတယ်။

မြောက်ပိုင်းညီနောင်မဟာမိတ်၏ (၁၀၂၇) စစ်ဆင်ရေးအတွင်း စစ်ကောင်စီစစ်စခန်းများ၊ မြို့ရွာများကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပေမယ့် လေကြောင်းထိုးစစ်များကြောင့် အပစ်မဲ့ပြည်သူလူထု စစ်ဘေးဒဏ်ပေါင်းစုံကို ဆိုးရွားပြင်းထန်စွာ ခံစားနေကြရကြောင်းလဲဆိုပါတယ်။

TNLA ဟာ ၁၀၂၇ စစ်ဆင်ရေးကာလတွင်း ရှမ်းမြောက်ပိုင်းဒေသမှ ကွတ်ခိုင်၊ သိန္နီ၊ ကျောက်မဲ၊ နောင်ချို၊ နမ့်ခမ်း၊ သီပေါ စသည့်မြို့နယ်များအပြင်၊ မန္တလေးတိုင်းဒေသကြီးအတွင်းက မိုးကုတ်မြို့နယ်တွေကိုပါ အပြီးသတ် သိမ်းပိုက်ထားနိုင်ပြီး စိုးမိုးနယ်မြေတွင်း စစ်ကောင်စီရဲ့ လေကြောင်းထိုးစစ်ဆင်မှုများကို ရင်ဆိုင်နေရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *