
ဇန်နဝါရီ ၁၅၊ စပေါ့
ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊စပေါ့ကျေးရွာရဲ့ ရွာလည်လမ်းမကြီးအတွင်း နွံကန်ပေါက်ကျခဲ့မှုကြောင့် နစ်မြှုပ်သေဆုံးသူတွေထဲ အလောင်း ၃၁ လောင်းရှာဖွေတွေ့ရှိပြီးတဲ့နောက် ရှာဖွေမှုကို ရပ်ဆိုင်းလိုက်ပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မနေ့က ဇန်နဝါရီလ ၁၄ ရက်နေ့ ညပိုင်းအထိ ကလေးငယ်(၄)လောင်း အပါအဝင် (၂၂)လောင်း ရှာဖွေဆယ်ယူထားပြီးနောက် ဒီနေ့ မှာနောက်ထပ် ၉ လောင်းကိုရှာဖွေတွေ့ရှိခဲ့ပြီးနောက် ကယ်ဆယ်ရေးရပ်နားလိုက်ကြတာဖြစ်ပါတယ်။
ဒါ့အပြင် အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့သူ တစ်ဦးရှိခဲ့ပေမယ့် ဆေးရုံမှာပဲဆေးကုသမှုခံယူရင်း သေဆုံးခဲ့တာဖြစ်ပါတယ်။
သေဆုံးမှုတွေထဲမှာ ကလေးငယ် ၆ ဦး ၊ အမျိုးသမီး ၁၃ ဦး ၊ အမျိုးသား ၁၂ ဦး တို့ပါဝင်တာဖြစ်ပါတယ်။
နွံကန်ပြိုကျမှုဖြစ်ပွားတဲ့အချိန်က ဇန်နဝါရီလ(၁၃)ရက်နေ့ လူခြေတိတ်တဲ့ မနက်ပိုင်း (၁)နာရီအချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ပျောက်ဆုံးသူများကို ၃ ရက်တိုင် ရှာဖွေခဲ့ကြတာဖြစ်ပါတယ်။
စပေါ့ကျေးရွာရဲ့ဘေးပတ်ပတ်လည်မှာ ရတနာဓိပတိကျောက်စိမ်းကုမ္ပဏီလုပ်ကွက်အပါအဝင် လုပ်ကွက်(၃)ခုရှိနေတာဖြစ်ပြီး ရွာလယ်လမ်းမကြီးဘေးတစ်ဖက်တစ်ချက်ရှိ နေအိမ်အားလုံးနီးပါးပြိုကျနစ်မြှုပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
စပေါ့ကျေးရွာက KIA/KIO ထိန်းချုပ်ထားတဲ့ကျေးရွာဖြစ်ပြီး အခုပြိုကျတဲ့လုပ်ကွက်ကလည်း သူတို့တွေနဲ့ စီးပွားရေးဆိုင်ရာ ပတ်သက်ဆက်နွယ်နေတယ်လို့ ကုမ္ပဏီနဲ့နီးစပ်သူဆီကနေ သိရပါတယ်။
နွံကန်ပြိုကျမှုထဲမှာ နေအိမ်(၅၀) နစ်မြှုပ်ခဲ့ပြီး စပေါ့ကျေးရွာအတွင်း နေထိုင်သူဒေသခံများက ရေမဆေးကျောက်ရှာဖွေမှုတွေကို အဓိကလုပ်ကိုင်ကြကာ အိမ်ခြေ(၂၀၀)ကျော်ရှိပါတယ်။