ဆန်ခါကျေးရွာထဲကိုလက်နက်ကြီးကျမှုကြောင့်လူ (၆) ဦးထိခိုက်ဒဏ်ရာရ

 ဒီဇင်ဘာ ၃၀ ၊ ဖားကန့် 

ဆန်ခါကျေးရွာထဲကို ဒီဇင်ဘာလ ၃၀ ရက်နေ့ နေ့လည်ပိုင်းမှာ လက်နက်ကြီးကျည် သုံးလုံးကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူ (၆) ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ 

ယနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ နေ့လည် ၂ နာရီကျော်အချိန်မှာ ဆန်ခါကျေးရွာရှိ နေအိမ်တစ်လုံးပေါ်ကျ လက်နက်ကြီးကျည်တစ်လုံး ရောက်ပေါက်ကွဲခဲ့သလို  နောက်ထပ်မိနစ်အနည်းငယ်အကြာမှာပဲ  စိန်မိုက်ကယ် ခရစ်ယာန်ဘုရားရှိခိုးကျောင်းအတွင်းကို လက်နက်ကြီးကျည်ထပ်မံကျရောက်ခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။ 

“ ထောင်ဘက်ကနေ ထုတာ ၊ ဆန်ခါဘုရားရှိခိုးကျောင်းထဲကိုကျတာ ၊ အခုက နိုင်ငံရေးကဘယ်လိုမလဲမသိတော့ဘူး၊ အရပ်သားတွေက ပစ်မှတ်ဖြစ်နေပြီ” လို့ ဖားကန့်ဒေသခံတစ်ဦးက ပြောပါတယ်။ 

လက်နက်ကြီးတွေဟာ မဇွန်ယာန်အချုပ်ထောင်ဘက်မှာရှိတဲ့ စစ်ကောင်စီတပ်ဘက်ကနေ ပစ်ခတ်တာဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။ 

လက်နက်ကြီးနေအိမ်ထဲကျရောက်မှုကြောင့် အသက် (၂၈) အရွယ် မလှဟန် ၊ ဘုရားကျောင်းထဲပေါက်ကွဲမှုကြောင့် မောင်ဂျတ်နော်အသက်(၁၃)နှစ်၊မူကြိုဆရာမ မဂျီခေါန်နန်းအသက်(၁၉)နှစ်၊ခေါလ်ကာနော် အသက်(၄၀) ၊ဆရာမဆိုင်းမိုင်အသက်(၄၉)နှစ်၊ အသက်(၅)နှစ်အရွယ် မဂျာဆိုင်းထွယ်   စုစုပေါင်း (၆) ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံသတင်းအရင်းအမြစ်တွေက ပြောဆိုကြပါတယ်။ 

ဆန်ခါကျေးရွာကျေးရွာအတွင်းရှိ ဘုန်းတော်ကြီးကျောင်း ၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်း နဲ့ လူနေအိမ်တွေပေါ်  ခုလိုလက်နက်ကြီးကျရောက်ပေါက်ကွဲမှုတွေဟာ ဒီဇင်ဘာလမှ သုံးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *