ဧပြီ ၁ ၊ မိုးကောင်း
မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းအောင်ကြည်ကို လက်နက်ကိုင်လူတစ်စုက နေအိမ်အတွင်း လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် စစ်တပ်က အရပ်သား ၂၀ ကျော်ကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။
မတ်လ ၃၁ ရက်နေ့ နေ့လည် ၁ နာရီခွဲကျော်အချိန်မှာ သေနတ်ကိုင်ဆောင်ထားတဲ့ လူတစ်စုက ဦးသန်းအောင်ကြည်ကို နေအိမ်ထဲ ဝင်ရောက်ဖမ်းဆီးပြီး သူ့အမျိုးသမီးနှင့် ဆွေမျိုးများကို နေအိမ်အတွင်း ကြိုးတုတ်ထားခဲ့တယ်လို့ ဆားမှော်ဒေသခံများထံမှ သိရပါတယ်။
“ သူ့အိမ်ထဲဝင်ပြီးတော့မှာ လူ ၆ ယောက်လောက်က ခြိမ်းခြောက်ပြီးတော့မှ သူ့မိန်းမကိုတော့ ကြိုးတုတ်ထားခဲ့တယ်။ သူ့ကိုတော့ဖမ်းခေါ်သွားတယ်။ ရွှေတွေငွေတွေကိုတော့ ယူသွားတယ်၊ ကားနဲ့ပဲ ဥက္ကဌကို မောင်းခိုင်းပြီးတော့ ခေါ်သွားတယ်” လို့ ဆားမှော်ကျေးရွာ ရပ်မိရပ်ဖ တစ်ဦးက ပြောပြပါတယ်။
လာရောက်ဖမ်းဆီးတဲ့ လူတစ်စုထဲပါဝင်တဲ့ ဆားမှော်ကျေးရွာသားတစ်ဦး၏ လက်ကိုင်ဖုန်း ကျကျန်ခဲ့ပြီး ဖုန်းအတွင်းရှိ ၎င်းနှင့် ပတ်သက်ဆက်နွယ်သူတွေကို မတ်လ ၃၁ ရက်နေ့ ညနေ (၃) နာရီအချိန်မှာ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်များက စပြီးဖမ်းဆီးမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
“ သူ့ရဲ့အမေကို အရင်လာဖမ်းတာပဲ၊ မြဇေယျာရပ်ကွက်။ သူ့သားရဲ့ ဖုန်းကျန်ထားတာပါ့။ အဲ့တာနဲ့ ဆက်စပ်ပြီးတော့ ဖုန်းပြောထားတဲ့ တချို့လူငယ်တွေလည်း နိုင်ငံရေးစ မရှိထားတဲ့သူတွေလည်းပါတာပါ့ဖမ်းခံရတဲ့ထဲ” လို့ မြဇေယျာရပ်ကွက်နေထိုင်သူ တစ်ဦးကပြောပါတယ်။
မတ်လ ၃၁ ရက်နေ့ ညနေပိုင်းမှာ ဧပြီလ ၁ ရက်နေ့အထိ ဖမ်းဆီးခံရသူ ၂၀ ကျော်ရှိနေပြီး ဖမ်းဆီးခံရသူများထဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( NLD) ပါတီအမာခံလူတွေဖြစ်ကြောင်း သိရပါတယ်။
ဖမ်းဆီးခံရသူများနှင့် ပတ်သက်သည့် အခြေအနေ နှင့် ဦးသန်းအောင်ကြည်တို့ရဲ့ အခြေအနေကိုတော့ မသိရှိရသေးပါဘူး။
ဆားမှော်ကျေးရွာအပြင် တခြားသောကျေးရွာများမှ အုပ်ချုပ်ရေးမှူးများကိုလည်း ဖမ်းဆီးမယ့်သတင်းများကြောင့် ရှောင်တိမ်းမှုတွေရှိနေကြောင်း စုံစမ်းသိရှိရပါတယ်။