ဆိုင်ကယ်ဖြင့်စက်သုံးဆီများသယ်ယူပြီး ကချင်ပြည်နယ်တစ်ခုလုံးဖြန့်ဖြူးအသုံးပြုနေရ

နိုဝင်ဘာ ၂၇ ၊​ မိုးညှင်း

ကချင်ပြည်နယ်အတွင်းမှာ အသုံးပြုနေတဲ့ စက်သုံးဆီတွေကို စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းရှိမြို့နယ်တွေကနေ ဆိုင်ကယ်နဲ့ သယ်ယူပြီး တပြည်နယ်လုံးကို ဖြန့်ဖြူးရောင်းချပေးနေရတယ်လို့ စုံစမ်းသိရှိရပါတယ်။

“ ဒီတစ်ပတ်အတွင်းက နည်းနည်းဆိုးမယ်ထင်တယ်။ ဖမ်းမယ်ဆိုတာကြားနေရတယ်။ ၂၄ နာရီဟာ နားမှမနားပါဘူးဆို ။ အမြန်လမ်းမှာကားစီးရင်တောင် ဆိုင်ကယ်အဲ့လောက်မများဘူး။ ခဏလေးနားလိုက်ရင်ကို ဆိုင်ကယ်ကရာချီသွားပြီ။ ပထမက မိုးညှင်း ၊ မိုးညှင်းပြီးရင် နမ္မား၊ ဟိုပင် ၊​မိုးကောင်း ၊ နမ္မတီး ၊ မြစ်ကြီးနား ၊ဝိုင်းမော် ၊ဖားကန့် ၊ တနိုင်း ၊ အင်းတော်ကနေသယ်တာ။ အောက်အင်းတော်ကနေ သယ်တာ” လို့ မိုးညှင်းဒေသခံတစ်ဦးက ပြောပြပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်းမြို့နှင့် အင်းတော်မြို့နယ်စပ်ကျေးရွာတွေကနေ ဆိုင်ကယ်နဲ့ နန့်စီးအောင်ကျေးရွာ ၊ မိုးညှင်းမြို့နယ်အထိ သယ်ယူပြီး ကချင်ပြည်နယ်တစ်ခုလုံးကို ဖြန့်ဖြူးနေကြတာလည်းဖြစ်ပါတယ်။

ကချင်ပြည်နယ်အတွက် လိုအပ်တဲ့ စက်သုံးဆီတွေကို ကံပိုက်တည်နယ်စပ်ကနေတဆင့် သယ်ယူဖို့ စစ်ကောင်စီက ပြီးခဲ့တဲ့ ဇူလိုင်လမှာ လုပ်ဆောင်ခဲ့ပေမယ့် မြစ်ကြီးနား နှင့် ဝိုင်းမော်မြို့နယ်နှစ်ခုအတွက်သာ အကျုံးဝင်ခဲ့တာလည်းဖြစ်ပါတယ်။

တခြားမြို့နယ်တွေက စက်သုံးဆီရရှိဖို့အတွက် ကချင်-စစ်ကိုင်းနယ်စပ် အင်းတော်မြို့နယ်အတွင်းကနေ ဆိုင်ကယ်ဖြင့် သယ်ယူပြီး ကူးသန်းသွားလာရေး ၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ၊ ကျောက်စိမ်းနဲ့ ရွှေတူးဖော်ရေးလုပ်ငန်းတွေမှာ ဖြန့်ဖြူးရောင်းချခဲ့ကြတာလည်းဖြစ်ပါတယ်။

ထိုသို့ ဆိုင်ကယ်နဲ့ သယ်ဆောင်ပြီး ဖြန့်ဖြူးပေးနေတာဟာ တစ်ရက်လျှင် ဆိုင်ကယ်အစီးတစ်ထောင်ကျော်ရှိပြီး မိုးညှင်းမြို့နယ်အတွင်းက ဒေသခံအများစုက ဆိုင်ကယ်နဲ့ ဆီသယ်ယူရေးလုပ်ငန်းကိုသာ လုပ်ကိုင်လာနေကြတာဖြစ်တယ်လို့ သိရပါတယ်။

“ နည်းတဲ့ဆိုင်ကယ်ကြီးတွေမဟုတ်ဘူး ၊ ငါတို့တောင်အံ့ဩတယ်။ ကောင်းကင်မှာ ဗျိုင်းတွေပျံတွေတောင် အရှုံးပေးရမလားအောင့်မေ့ရတယ်။ ငါခန့်မှန်းတာ လမ်းပေါ်မှာကြီးပဲ ဆိုင်ကယ်အစီးရေ နှစ်ထောင်သုံးထောင်လောက်ရှိမယ်ထင်တယ်”​လို့ စက်သုံးဆီသယ်ယူနေမှုအခြေအနေတွေကို ဒေသခံတစ်ဦးက ပြောပြပါတယ်။

ကချင်ပြည်နယ်အတွင်း စက်သုံးဆီတင်သွင်းခွင့်ဖြစ်တဲ့ စက်သုံးဆီခွဲတမ်း( Purchase Order – PO)ကို မြစ်ကြီးနားမြို့တစ်ခုတည်းကိုသာ ခွင့်ပြုပေးသွားမှာဖြစ်ပြီး ကျန်မြို့များကိုပိတ်ပင်တားမြစ်လိုက်တယ်လို့ စစ်ကောင်စီက နိုဝင်ဘာလ(၁၇)ရက်နေ့မှာ စွမ်းအင်ဝန်ကြီးဌာနကနေတစ်ဆင့် အသိပေးလာတာပါ။

စက်သုံးဆီတင်သွင်းခွင့်ပိတ်ပင်မှုကို ယခုလမှအတိအလင်းကြေညာခဲ့တာဖြစ်ပေမယ့် ကချင်ပြည်နယ်ကို လုပ်ငန်းသုံးစက်သုံးဆီဝင်ရောက်မှုမရှိတော့တာဟာ ပြီးခဲ့တဲ့လပိုင်းတွေကတည်းကဖြစ်ပြီး စက်သုံးဆီဆိုင်အားလုံးနီးပါးရောင်းချခြင်းမရှိတော့ဘူးလို့ ဒေသခံများက ဆိုကြပါတယ်။

စက်သုံးဆီဝင်ရောက်နိုင်ခြင်းမရှိတော့တဲ့ ကချင်ပြည်နယ်အတွင်းမှာ မိုးညှင်းမြို့ကနေ ဆိုင်ကယ်နဲ့ ဖြန့်ဖြူးရောင်းချပေးနေရတဲ့ ဆီတွေကို အားထားနေရပြီး ဆီစျေးနှုန်းတွေလည်းမြင့်တက်လာနေပါတယ်။

မိုးညှင်းမြို့နယ် နဲ့ မိုးကောင်းမြို့နယ်တွေမှာ ဆီစျေးနှုန်းဟာ အနည်းငယ်သာမြင့်တက်လာပေမယ့် ဖားကန့် ၊ တနိင်း ၊ မြစ်ကြီးနားမြို့တွေမှာ စျေးနှုန်းနှစ်ဆကျော်မြင့်တက်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *