ဆိုးရွားနေတဲ့မြန်မာ့အရေးကိုစိုးရိမ်ကြောင်းကုလအတွင်းရေးမှူးချုပ်ပြော

စက်တင်ဘာ ၈ ၊ အင်ဒိုနီးရှား

၂၀၂၁ ခုနှစ်ကတည်းက စစ်ပွဲတွေဝိုင်းနေတဲ့ မြန်မာမှာ ဆိုးရွားနေတဲ့ နိုင်ငံရေး ၊ လူသားချင်းစာနာထောက်ထားမှုနဲ့ လူ့အခွင့်အရေးအခြေအနေတွေအပေါ် လေးလေးနက်နက် စိုးရိမ်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်  အန်တိုနီရို ဂူတာရက်စ်က ပြောဆိုလိုက်ပါတယ်။ 

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမှာပြုလုပ်အာဆီယံနိုင်ငံများ ထိပ်သီးအစည်းအဝေးပွဲ တက်ရောက်မှုအပြီး  သတင်းစာရှင်းလင်းပွဲမှာ  သူက ပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။ 

“ ပြည်သူတွေရဲ့ ဆန္ဒကို နားထောင်ဖို့၊ နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးပြီး ဒီမိုကရေစီ အုပ်ချုပ်မှုဆီ ပြန်သွားဖို့ တံခါးဖွင့်ပေးဖို့ မြန်မာ စစ်တပ်ကို အရေးတကြီး တောင်းဆိုပါတယ်” လို့ သူက ပြောဆိုသွားပါတယ်။ 

ဒါ့အပြင် မြန်မာနိုင်ငံအရေးကို  အာဆီယံအနေနဲ့  နိုင်ငံရေးအဖြေတစ်ခုရှာဖို့ လိုအပ်နေတယ်လို့လည်း ထပ်လောင်းပြောဆိုထားပါတယ်။ 

အာဆီယံ အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားကလည်း ဒေသတွင်းခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံအတွက် ဘုံသဘောတူညီချက်ငါးရပ်ဟာ သိသိသာသာ တိုးတက်မှုကင်းမဲ့နေတာကြောင့် စိုးရိမ်ကြောင်း ပြောကြားခဲ့ပါတယ်။

မြန်မာ့အရေးအတွက် အာဆီယံအလှည့်ကျဥက္ကဌ (၃)  နိုင်ငံပူးပေါင်းပြီး ကိုယ်တွယ်ဖြေရှင်းဖို့ ရှိနေပြီး  ဘုံသဘောတူညီချက် (၅) ရပ်ကို ဆက်လက်ကိုင်ဆွဲလုပ်ဆောင်သွားမယ့် အစီအစဉ်သစ်တစ်ခုကို အာဆီယံခေါင်းဆောင်တွေဘက်က ကြေညာထားပါတယ်။ 

စစ်ကောင်စီ နိိုင်ငံခြားရေးဝန်ကြီးဌာနက  အာဆီယံရဲ့ ဘုံသဘောတူညီချက် (၅) ရပ် အကောင်အထည်ဖော်မှုဆိုင်ရာ ပြန်လည်သုံးသပ်ချက်နဲ့ ဆုံးဖြတ်ချက်အသစ်တွေဟာ မြန်မာနိုင်ငံရဲ့ အမြင်နဲ့ ရပ်တည်ချက်တွေကိုထည့်သွင်းထားခြင်းမရှိသလို တစ်ဖက်သတ်ဆန်ခြင်းကြောင့် ကန့်ကွက်တယ်လို့ ကြေညာထားပါတယ်။ 

၂၀၂၁ ခုနှစ်ကစပြီး ၂၀၂၃ ခုနှစ်အထိ မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခတွေကြောင့် လူဦးရေ နှစ်သန်းနီးပါး နေရပ်စွန့်ခွာတိမ်းရှောင်နေကြရတာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *