ဧပြီ ၄ ၊ ဝိုင်းမော်
ဝိုင်းမော်မြို့နယ် ဇီးကျွန်းကျေးရွာဟောင်းကို ပြည်ထဲရေး၏ အမည်ပေါက်စာရင်းမှ ပယ်ဖျက်ဖို့အတွက် ရွာသူ/သားတွေကို လက်မှတ်ရေးထိုးပေးဖို့ တောင်းဆိုထားပေမယ့် သဘောတူခြင်းမရှိသေးဘူးလို့ ဇီးကျွန်းကျေးရွာ ရှမ်းနီစာပေနှင့်ယဉ်ကျေးမှုကော်မတီ ဥက္ကဌ ဆိုပါတယ်။
“ ဝိုင်းမော်မြို့နယ် ဇီးကျွန်းကျေးရွာအုပ်စုအား ပြည်ထဲရေးအမည်ပေါက်စာရင်းမှ ပယ်ဖျက်ခြင်း သဘောတူညီမှု လက်မှတ်ထိုးပေးဖို့ခေါင်းစဉ်နဲ့ လာခဲ့တာ ၊ ကျွန်တော်တို့က မထိုးရဲကြဘူး ဘာလို့မထိုးရဲကြလဲဆိုရင် ကျေးရွာကပြောမယ်ဆိုရင် ၁၉၉၉ ၉၇ ရေကြီးပြီးတော့မှ ဇီးကျွန်းတစ်ဖက်ကမ်း ကိုပြောင်းခဲ့ကြပြီ ။ နှစ်နှစ်ဆယ်လောက်ကြာပြီးမှ ဒီအမည်ဖျောက်စာရင်း ပယ်ဖျက်စာရင်းက ကျွန်တော်တို့အတွက်နည်းနည်းစိုးရိမ်ရတာပေါ့ဗျာ ၊ ရွာပျက်ပြီးတဲ့နောက် ပြေစာတွေနဲ့ပဲ ကိုယ့်ရဲ့ ဘိုးဘွားပိုင်မြေတွေကို ဆူးပုတ်စိုက်ဘာစိုက်နဲ့ပဲ လုပ်ကိုင်နေတော့ ကိုင်းမြေသဘောနဲ့ပဲပြေစာကိုင်နေရတာလေ” လို့ သူကပြောပြပါတယ်။
ဝိုင်းမော်မြို့နယ်က ဇီးကျွန်းကျေးရွာဟောင်းဟာ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်အနောက်ဘက်ကမ်း မြစ်ကြီးနားမြို့နယ်ကို ၁၉၉၇ ခုနှစ်မှစ ၂၀၀၄ ခုနှစ်အထိ ပြောင်းရွေ့ကာနေထိုင်ခဲ့ကြရတာလည်းဖြစ်ပါတယ်။
ဒေသခံတွေက ဇီးကျွန်းကျေးရွာဟောင်းဧက ၃၀၀ ကျော်မှာ ပဲ ၊ ဆူးပုတ်နဲ့ တခြားသီးနှံတွေက စိုက်ပျိုးပြီး အသက်မွေးဝမ်းကြောင်းပြုနေရခြင်းကြောင့် ရွာအမည်စာရင်းပယ်ဖျက်မှုရဲ့ နောက်ဆက်တွဲအနေနဲ့ သူတို့ရဲ့ ပိုင်ဆိုင်တဲ့ ဘိုးဘွားပိုင်မြေတွေကို တခြားလူတွေ သိမ်းဆည်းရယူသွားမှာ စိုးရိမ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ အခုဟာ စိုးရိမ်နေကြတာပေါ့လေ အခုက တရုတ်ကိုရောင်းမယ်၊ ဟိုအပန်းဖြေစာခန်းလာလုပ်မယ် အဲ့လိုကောလဟလကြားနေရတော့ ကျွန်တော်တို့ ရွာသူရွာသားတွေက စိတ်သောက ရောက်နေရတယ်” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
ဇီးကျွန်းကျေးရွာဟာ နှစ်ပေါင်းများစွာကတည်းက ရှိခဲ့တဲ့ ကျေးရွာဟောင်းတစ်ခုဖြစ်ပြီး ရှေးဟောင်းဘုရားတွေရှိတဲ့ ကျေးရွာတစ်ခုလည်းဖြစ်ပါတယ်။
ပြည်ထဲရေးဌာန လောက်အောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပြီးခဲ့တဲ့ မတ် ၂၈ ရက်နေ့မှာ သဘောတူကြောင်းလက်မှတ်ရေးထိုးပေးဖို့ ကျေးရွာသူ/သားတွေဆီကို စာပေးပို့ခဲ့တယ်လို့ သိရပါတယ်။
ဇီးကျွန်းကျေးရွာအုပ်စုကို အမည်စာရင်းသာပယ်ဖျက်မှာဖြစ်ပြီး ကျေးရွာသူ/သားများပိုင်ဆိုင်သည့် မြေယာများကို သိမ်းဆည်းခြင်းပြုမှာမဟုတ်ဘူးလို့ အုပ်ချုပ်ရေးဘက်က ပြန်လည်ပြောဆိုခဲ့ကြောင်း အုပ်ချုပ်ရေးဌာနနှင့် နီးစပ်သူဆီကနေ သိရပါတယ်။