
စက်တင်ဘာ ၃ ၊ နေပြည်တော်
ပြီးခဲ့သော ၂၀၂၁ ခုနှစ်မှာ အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ထားခြင်းကနေ ပြန်လည်ရုပ်သိမ်းခံခဲ့ရတဲ့ အာရက္ခတပ်တော်(AA)အပါအဝင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နဲ့ ကိုးကန့်တပ်မတော် (MNDAA)တို့ကို အကြမ်းဖက်အုပ်စုတွေအဖြစ် စစ်ကောင်စီက စက်တင်ဘာ(၂)ရက်နေ့ညမှာ ကြေညာခဲ့ပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ ဒီအဖွဲ့(၃)ဖွဲ့ဟာ နိုင်ငံပိုင်အဆောက်အအုံများ၊ လမ်းတံတားများ၊လျှပ်စစ်တာဝါတိုင်များကို ဖျက်ဆီးခြင်း၊မြို့ရွာများအပေါ် Drop Bomb (ဒရော့ဗုံးများ)ချပြီး တိုက်ခိုက်တာအပြင် အတင်းအဓမ္မလူသစ်စုဆောင်းခြင်းများကိုလည်း ကျူးလွန်နေကြတာကြောင့် အခုလိုသတ်မှတ်ကြေညာလိုက်တာဖြစ်တယ်လို့ ဆိုထားပါတယ်။
အရက္ခတပ်တော်(AA)ကို ၂၀၂၀ ခုနှစ်မှာ အကြမ်းဖက်အုပ်စုအဖြစ် ပထမအကြိမ်ကြေညာခဲ့ဖူးပြီး အာဏာသိမ်းပြီး၂၀၂၁ ခုနှစ်မှာ ရုပ်သိမ်းခဲ့ကာ ဒီနှစ်မှာဒုတိယအကြိမ်ပြန်လည်သတ်မှတ်ခဲ့တာလည်းဖြစ်ပါတယ်။
သူတို့သုံးဖွဲ့က ပြီးခဲ့တဲ့ (၂၀၂၃)ခုနှစ်တွင် မဟာမိတ်တပ်ဖွဲ့များအဖြစ် စတင်ဖွဲ့စည်းကာ ရှမ်းပြည်မြောက်ပိုင်းဒေသမှာ (၁၀၂၇)စစ်ဆင်ရေးကိုလည်းဖော်ဆောင်ခဲ့ပြီး မြို့သိမ်းတိုက်ပွဲတွေကြောင့် ၎င်းတို့နဲ့စစ်ကောင်စီတပ်ဖွဲ့တို့ကြား ဆက်ဆံရေးတင်းမာနေခဲ့ကြတာပါ။
Myanmar Peace Monitor (MPM ) ရဲ့ မှတ်တမ်းများအရ ညီနောင်မဟာမိတ်သုံးဖွဲ့တွေဖြစ်တဲ့ PSLF/TNLA က ၁၁ မြို့ ၊ MNDAA ၁၀ မြို့ ၊ ULA/AA က ၁၇ မြို့အထိ တိုက်ခိုက်သိမ်းပိုက်ထားတာလည်းဖြစ်ပါတယ်။
စစ်ကောင်စီက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)နဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)တို့ကိုလည်း (၂၀၂၁)ခုနှစ် မေလမှာ အကြမ်းဖက်အုပ်စုများအဖြစ်ကြေညာခဲ့ပါတယ်။
