၂၀၂၁ ခုနှစ် မေလကစ မနေ့က မေလ ၅ ရက်နေ့အထိ တစ်နှစ်အတွင်းမှာ PDF တပ်ရင်း ၂၅၀ ကျော်ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဖွဲ့စည်းခဲ့တယ်လို့ဆိုပါတယ်။
တစ်နှစ်အတွင်းမှာ မြို့နယ်အခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ကပဖ)တွေကို မြို့နယ် ၂၅၀ မှာ စနစ်တကျဖွဲ့ဆီးထားသလို ဒေသအခြေစိုက်ကာကွယ်ရေးအဖွဲ့တွေနဲ့ မြို့ပြပျောက်ကျားအဖွဲ့ (၄၀၀) ကိုလည်းဖွဲ့စည်းထားပြီဖြစ်တယ်လို့ပြောပါတယ်။
“ တပ်ရင်းတပ်ခွဲများကိုလည်း သက်ဆိုင်ရာ တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်တွေနဲ့ ပူးပေါင်းပြီး စုဖွဲ့ဆောင်ရွက်မှုတွေ ၊ လက်နက်တပ်ဆင်မှုတွေ ဆောင်ရွက်နေပြီလည်းဖြစ်ပါတယ်” လို့ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောဆိုထားပါတယ်။
PDF တွေအတွက် လက်နက်တပ်ဆင်ဖို့ ဒေါ်လာ သန်း ၃၀ နီးပါး အသုံးပြုခဲ့တာဖြစ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ရဲ့ တစ်နှစ်ပြည့်အစီရင်ခံစာထဲမှာဖော်ပြထားပါတယ်။
PDF တွေ ဖွဲ့စည်းကြောင်းမကြေညာမီကတည်းက လူငယ်တွေက လွတ်မြောက်နယ်မြေတွေမှာ စစ်ပညာသင်တာတွေကို လေ့ကျင့်ပြင်ဆင်မှုတွေပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။
PDF တွေကို ကချင်ပြည်နယ်၊ ကရင် ၊ ကရင်နီ ၊ စစ်ကိုင်းတိုင်း ၊ ရှမ်းပြည်နယ် စတဲ့ ဒေသတွေမှာ စစ်ပညာလေ့ကျင့်သင်ယူမှုတွေကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။