မေ ၁၄ ၊ မိုးမောက်
မိုးမောက်မြို့နယ် မန်နောင်ကျေးရွာမှာ စိုက်ပျိုးထားတဲ့ ပဲပုတ်စိုက်ခင်းတွေက တာပိန်မြစ်ရေကြီး ရေလျှံဖြစ်မှုကြောင့် ရေနစ်မြှုပ်ပျက်စီး မှုတွေဖြစ်နေတယ်လို့ သိရပါတယ်။
“ အခုရေမြှုပ်နေတာတော့ ဧကပေါင်းဘယ်လောက်လောက်ရှိမလဲ များတော့များတာပေါ့ အကုန်လုံးတွက်လို့ရင်ပါ့ နိမ့်တဲ့နေရာတွေက အကုန်လုံးမြှုပ်တာပဲ ၊ တချို့တွေလည်း ဆယ်နေတယ် ဆယ်ထားလည်းပျက်မှာထင်တယ် သုံးလို့မရတော့ဘူး ရေမြှုပ်သွားတဲ့အခါကျတော့ ခါးလောက်တွေရှိတယ်လေ။ တချို့နုတ်ပြီးထားတဲ့ဟာတွေလည်း မသယ်နိုင်တော့ဘူး ဒီအတိုင်းပဲထားရတာ ဒါတွေလည်းရှုံးမှာပဲလေ “ လို့ တောင်သူ ဦးမောင်သန်းက ပြောပြပါတယ်။
မန်နောင်ကျေးရွာက လယ်ကွက်တွေမှာ မိုးစပါးစိုက်ပျိုးပြီးရင် မြေပဲ ၊ ပဲပုတ် စတာတွေကို ပြန်လည်စိုက်ပျိုးကြပါတယ်။
မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေက မေလ ၁၃ ရက်နေ့မှစတင်ကြီးလာပြီး မေလ ၁၄ ရက်နေ့အထိ ရေကပြန်မကျသေးတာကြောင့် ပျက်စီးဆုံးရှုံးမှုများပြားမယ်လို့ တွက်ဆနေကြတာလည်းဖြစ်ပါတယ်။
ရေနစ်မြှုပ်ထားတဲ့ ပဲပုတ်တွေပြန်ရမယ်ဆိုရင်လည်း ကုန်သည်တွေရဲဲ့ စျေးနိမ်မှုတွေကလည်း ရှိလာမှာဖြစ်တယ်လို့ ဆိုပါတယ်။
“ မြေပဲတွေရှုံးမယ် ၊ပဲပုတ်တွေပုတ်သိုးရင်းနဲ့ ဆုံးရှုံးမှုတချို့ရှိမှာပေါ့ ၊ တစ်သောင်းစျေးရမယ့်ဟာက ငါးထောင်နဲ့ ဖြတ်ခံရမယ် ဒီလိုပုံစံမျိုးလားပေါ့”လို့ သူက ဆက်ပြောပါတယ်။
ဒါ့အပြင် ရေကြီးမှုကြောင့် မြစ်ကူးဝါးတံတားအသေးတွေလည်း နစ်မြှုပ်ပျက်စီးမှုတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။
တာပိန်မြစ်ရေကြီးမှုကြောင့် မြစ်ဘေးတလျှောက်စိုက်ပျိုးထားတဲ့ စိုက်ပျိုးသီးနှံတွေက ပျက်စီးဆုံးရှုံးမှုတွေ နှစ်တိုင်းနီးပါးကြုံတွေ့နေတာလည်းဖြစ်ပါတယ်။