တာလောကြီးတိုက်နယ်မှ ခတ်ချိုကျေးရွာသို့ စစ်ဘေးရှောင်လာကြသူများကို ရေရှည်ကူညီနိုင်ရေးလုပ်ဆောင်မည်

မြစ်ကြီးနားမြို့နယ် တာလောကြီးတိုက်နယ်မှ ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာသို့ စစ်ဘေးတိမ်းရှောင်လာကြသူများကို ရေရှည်ကူညီနိုင်ရေးအတွက် ကော်မတီတစ်ရပ်ဖွဲ့စည်းလုပ်ဆောင်သွားမယ်လို့ ခတ်ချိုရပ်မိရပ်ဖများထံမှ သိရပါတယ်။

စစ်ဘေးတိမ်းရှောင်သူများက နှစ်လနီးပါးကြာမြင့်လာပြီဖြစ်ပြီး နေရပ်ပြန်နိုင်ရေးမဖြစ်နိုင်သေးတာကြောင့် ၎င်းတို့အတွက် ရေရှည်ကူညီနိုင်ဖို့ ခတ်ချိုကျေးရွာက ဆရာတော်များ ၊ ရပ်မိရပ်ဖများ ၊ ရှမ်းနီစာပေနှင့်ယဉ်ကျေးမှုကော်မတီ နှင့် ပါတီများက ပြင်ဆင်နေကြတာဖြစ်ပါတယ်။

“ ဘယ်လိုထိန်းသိမ်းစောင့်ရှောက်ကူညီမလဲဆိုတာ ဆိုင်းပြင်းနေကြတယ်။ ကော်မတီတစ်ရပ်ဖွဲ့ပြီးတော့မှ သက်ဆိုင်ရာ လူကယ်ပြန်တို့ ၊ ဒိုနာတို့ အန်ဂျီအိုတွေနဲ့ ဆက်သွယ်နိုင်ဖို့ ကော်မတီတစ်ရပ်ဖွဲ့ပြီးတော့မှ ရေရှည်စစ်ရှောင်တွေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပေးနိုင်ဖို့ရာအတွက်ကို စဉ်းစားနေကြတယ် ” လို့ ခတ်ချိုရပ်မိရပ်ဖတစ်ဦးက ပြောပါတယ်။

စစ်ဘေးရှောင်များဟာ ခတ်ချိုကျေးရွာ ဘုန်းတော်ကြီးကျောင်း (၃) ကျောင်းမှာ နှစ်ထောင်ဝန်းကျင်ရှိပြီး ဝိုင်းမော်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းတချို့ နဲ့ နေအိမ်များမှာလည်း ရာနှင့်ချီ တိမ်းရှောင်နေကြတယ်လို့ဆိုပါတယ်။

“ အများစုက ရှမ်းတွေ ဖြစ်ကြလို့ ရှမ်းနီဘုန်းကြီးကျောင်းတွေဘက်မှာ ရှောင်ကြတာပေါ့၊ တခြားလူမျိုးလဲ ပါတာတော့ပါတယ်၊ ကချင်နှင့်ဗမာလဲ ပါတယ်။ အများစုက ရှမ်းနီတွေဖြစ်ကြတော့ ရှမ်းဘုန်းကြီးကျောင်းတွေမှာပဲ တည်းကြတယ်” လို့ စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက ပြောပါတယ်။

တာလောကြီးတိုက်နယ်က ဒေသခံများဟာ စစ်ကောင်စီ ၊​ပြည်သူ့စစ် နှင့် KIA+PDF တို့ရဲ့ တိုက်ပွဲများကြောင့် ဒီဇင်ဘာလအစောပိုင်းကတည်းက စစ်ဘေးတိမ်းရှောင်ခဲ့ကြတာလည်းဖြစ်ပါတယ်။

လက်ရှိ တာလောကြီးတိုက်နယ် နှင့် ရွှေညောင်ပင်ကျေးရွာအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထားဆဲဖြစ်ပြီး KIA+PDF ပူးပေါင်းတပ်ဖွဲ့များလည်း ကျေးရွာအနီးတစ်ဝိုက်တွင် ရှိနေဆဲဖြစ်တာကြောင့် တိုက်ပွဲအချိန်မရွေးပြန်လည်ဖြစ်ပွားနိုင်ကြောင်း ဒေသခံများက ပြောဆိုနေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *