မေ ၁၆ ၊ နန့်ယား
ဖားကန့်မြို့နယ် ဖားကန့်-နန့်ယားလမ်းပိုင်း နန့်ယားဂိတ်မှာ တိုက်ပွဲတွေကြောင့် မေလ ၁၅ ရက်နေ့မှာ စစ်ကောင်စီဘက်က ပိတ်ထားပြီး မေလ ၁၆ ရက်နေ့ မနက်ပိုင်းမှာ ပြန်ဖွင့်ခဲ့တယ်လို့ ဖားကန့်-မြစ်ကြီးနား ကုန်သည်ထံမှသိရပါတယ်။
“ အခုက လဝါးတောင်ရောက်ပြီ။ တိုက်ပွဲကတော့ဖြစ်တယ် မနေ့ကဖြစ်တယ် ။ ဒီနေ့ကတော့သွားနေကြပြီကော။ အခုကမပိတ်တော့ဘူး လဝါးတောင်ရောက်နေပြီ ဆိုင်းတောင်ကနေပြန်ခဲ့တာ နန့်ယားကျော်လာပြီလေ။ မနေ့ကပိတ်တယ်လို့ပြောတာ ။ ခနဖြစ်တာနေမယ် ဟိုလိုကြီး အကြီးအကျယ်ကြီးဖြစ်တာတော့မဟုတ်ပါဘူး” လို့ ထိုကုန်သည်က ပြောပြပါတယ်။
နန့်ယားဂိတ်ပိတ်ထားမှုကြောင့် ကုန်တင်ကား ၊ခရီးသည်တင်ကား ရာနှင့်ချီဟာ မေလ ၁၅ ရက်နေ့မှာ နန့်ယားဂိတ်အနီး ရပ်တန့်ထားခဲ့ရကြောင်း တခြားသတင်းအရင်းအမြစ်တစ်ဦးက ပြောပြပါတယ်။
လက်ရှိအချိန်မှာလည်း စစ်ကောင်စီတပ်တွေရှိတဲ့ နန့်ယားဂိတ်နှင့် တစ်မိုင်အကွာမှာပဲ KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေ ဆက်ရှိနေသေးကြောင်း ခရီးသွားတွေရဲ့ ပြောဆိုမှုအရ သိရပါတယ်။
မေလ ၁၅ ရက်နေ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရရှိသူတွေရှိတယ်လို့လည်း စုံစမ်းသိရှိရပေမယ့် ဘယ်နှစ်ဦးဆိုတာ အတိအကျမသိရှိရသေးပါဘူး။
ပြီးခဲ့တဲ့ ဧပြီလမှာလည်း နန့်ယားကျေးရွာအနီးမှာ KIA+PDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြားတိုက်ပွဲတွေကြောင့် အရပ်သားတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တာလည်းဖြစ်ပါတယ်။