တိုက်ပွဲကြောင့်ဝိုင်းမော်မြို့နယ်အောင်မြေကျေးရွာအတွင်းပိတ်မိနေသူတစ်ထောင်ကျော်ရှိနေ

မတ် ၁၁ ၊ ဝိုင်းမော် 

ဝိုင်းမော်မြို့နယ်က အောင်မြေကျေးရွာ (၁) နှင့် (၂) မှာ  တိုက်ပွဲအတွင်းပိတ်မိနေသူ တစ်ထောင်ကျော်ရှိဟာ ၃ ရက်တာ ပိတ်မိနေဆဲဖြစ်တယ်လို့ ဒေသခံကူညီနေသူများထံမှ သိရပါတယ်။ 

“  လူဦးရေကလည်း တစ်ထောင်ကျော်လောက်ရှိတယ်။  စစ်ရှောင်တွေက ရှောင်လာပြီး အောင်မြေ ၁ ၊  ၂ မှာ လာပိတ်မိတာ ။  ရွှေညောင်ပင်ရွာ ( ပန်းကုန်း) ဘက်ကနေ ထွက်လာသူတွေကတော့ တချို့လည်း ကျော်သွားတယ်။ တချို့လည်း မကျော်နိုင်ပဲ ပိတ်မိနေတာ ၊ ဟိုဘက်လည်း မရ ဒီဘက်လည်းမရဘူးဖြစ်နေတာ” လို့ စစ်ဘေးရှောင်များကို ကူညီနေသည့် ဆရာတော် တစ်ပါးက မိန့်ကြားပါတယ်။ 

ရွှေညောင်ပင်ကျေးရွာက စစ်ဘေးရှောင် အိမ်ထောင်စု ၂၀ ကျော်ဟာ သိမ်ကြီးစု အောင်မင်္ဂလာကျောင်းမှာ မတ်လ ၁၀ ရက်နေ့မှာ ရောက်ရှိလာခဲ့တာဖြစ်ပြီး စစ်ဘေးရှောင်အများစုက အောင်မြေကျေးရွာမှာ ပိတ်မိနေဆဲဖြစ်တယ်လို့ သိရပါတယ်။ 

“ အောင်မြေ ၁ ၂ မှာပိတ်မိနေတဲ့သူတွေကတော့  ထွက်လာဖို့အတွက် ဖုန်းဆက်ပြီးအကူအညီတောင်းတယ်၊ ဘယ််လိုကူညီနိုင်သလဲဆိုတာ ၊ အဲ့တာ သက်ဆိုင်ရာတွေကို ပြောပြပေးဖို့။ ရှမ်းတွေကတော့ ပြင်ထားကြတယ်။ ထွက်လာနိုင်မယ်ဆိုရင် နေထိုင်ဖို့အတွက် ပြင်ဆင်ထားတာတော့ရှိတယ်” လို့ ၎င်းက ဆက်မိန့်ကြားပါတယ်။ 

ပိတ်မိနေသူများကို  စစ်ကောင်စီ နှင့် KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ပိတ်ထားကြတာဖြစ်ပြီး ၎င်းတို့က စစ်ရှောင်ခွင့်ပေးမယ်ဆိုရင် နာရီဝက်အတွင်း ကူညီကယ်ဆယ်နိုင်မှာဖြစ်တယ်လို့ ကူညီကယ်ဆယ်သူများက ဆိုပါတယ်။ 

ဝိုင်းမော်မြို့နယ်အတွင်း ၂၀၂၃ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့  တိုက်ပွဲများကြောင့်  ဝိုင်းမော်မြို့ပေါ်ကို စစ်ရှောင်လာကြသူတွေဟာ နေရပ်မပြန်နိုင်ကြသေးပဲ လက်ရှိတိုက်ပွဲများကြောင့်လည်း စစ်ရှောင်ဦးရေ ပိုတိုးများလာနေတယ်လို့ သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *