တိုက်ပွဲနီးလာတာကြောင့် မိုးကုတ်မြို့မှာ စက်သုံးဆီနဲ့ စားသောက်ကုန်တွေ ရှားပါးလာ 

အောက်တိုဘာ ၁၄ ၊ မိုးကုတ် 

မိုးကုတ်-မန္တလေး လမ်းပိုင်းရှိ ဖော့တောလမ်းဆုံအနီးမှာ မန္တလေး PDF နဲ့ စစ်တပ်တို့အကြား တိုက်ပွဲပြင်းထန်နေပြီး လမ်းပိုင်းပိတ်ထားရတာကြောင့် ကုန်စည် စီးဆင်းမှုတွေမရှိတော့ဘူးလို့ ဒေသခံတွေကပြောဆိုကြပါတယ်။ 

“ စက်သုံးဆီကတော့ပြတ်သွားပြီ၊ မရောင်းပေးကြတော့ဘူး၊လုံးဝမရှိတာတော့မဟုတ်ဘူး၊ စီးပွားရေးသမားတွေက လမ်းပိတ်တယ်ဆိုတော့ သူတို့လည်းလိုက်ပိတ်လိုက်တာ၊ တိုက်ပွဲကလည်း နီးလာနေပြီ မကြာတော့ဘူးထင်တယ်မိုးကုတ်ကိုကတော့” လို့ မိုးကုတ်မြို့ပေါ်က ဒေသခံတစ်ဦးက ပြောပါတယ်။ 

မိုးကုတ်မြို့ကို ဝင်ရောက်မယ့်လမ်းပိုင်းတွေဖြစ်တဲ့ မန္တလေး-မိုးကုတ်လမ်းပိုင်း ၊ ကျောက်မဲ-မိုင်းလုံ-မိုးကုတ်လမ်းပိုင်း ၊ ပြင်ဦးလွင်-မိုးကုတ်လမ်းပိုင်းတွေမှာ စစ်တပ်နဲ့ တအာင်း(ပလောင်)တပ် TNLA ၊ PDF တို့ ရဲ့တိုက်ပွဲကြောင့် လမ်းပိုင်းတွေပိတ်ထားတာဖြစ်ပါတယ်။ 

လက်ရှိမှာ မိုးကုတ်မြို့ထဲကို ကုန်စည်များဝင်ရောက်နိုင်မှုအနည်းငယ်သာရှိတော့ပြီး ပြတ်လပ်မှုတွေဖြစ်ပေါ်လာနေတယ်လို့ဆိုကြပါတယ်။ 

PDF နဲ့ စစ်တပ်တို့ကြားဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ မိုးကုတ်မြို့နဲ့ မိုင် ၄၀ ဝန်းကျင်မှာသာရှိနေသေးပေမယ့် လမ်းပန်းဆက်သွယ်ရေး အားလုံးနီးပါးက ပြတ်တောက်နေပြီလည်းဖြစ်ပါတယ်။ 

ဒေသခံ သက်ကြီးရွယ်အိုတွေနဲ့ အမျိုးသမီးတချို့တွေက လေကြောင်းကနေ ဗုံးဆက်တိုက်ကျဲချမှုတွေပြုလုပ်တဲ့ စက်တင်ဘာလကစလို့ စစ်ဘေးတိမ်းရှောင်ထားကြတာလည်းဖြစ်ပါတယ်။ 

အခုကတော့ ထွက်လမ်းကတော့ တစ်ပေါက်ပဲကျန်တော့တယ်။ ဆီကလည်းရှားလာတော့ ကြိုတင်စုထားရတာ။ ဖော့တောပြီးရင်ဘာမှမရှိတော့ဘူးဆိုတော့ တဖြည်းဖြည်းနီးလာနေတာ ။ စောင့်ကြည့်နေရတာ အခြေအနေဘယ်လိုဖြစ်လာမလဲဆိုတာပဲ”​ လို့ စစ်ဘေးတိမ်းရှောင်ဖို့ပြင်ဆင်နေသူ ဒေသခံတစ်ဦးကပြောပါတယ်။ 

စစ်တပ်က TNLA သိမ်းပိုက်ထားတဲ့ မြို့နယ်တွေကို ပြန်လည်သိမ်းပိုက်ဖို့ တန်ပြန်ထိုးစစ်ဆင်နေပြီး လက်ရှိမှာ သီပေါမြို့အနီးသို့ စစ်တပ်ရဲ့ စစ်ကြောင်းတွေရောက်ရှိနေတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *