ဇူလိုင် ၄ ၊ ဗန်းမောက်
စစ်ကောင်စီတပ်ရဲ့ ဂျက်တိုက်လေယာဉ်တစ်စီးက ဗန်းမောက်မြို့ပေါ်ကိုဖြတ်ပျံပြီး PDF တွေရှိတဲ့ တောင်ပိုင်းဒေသမှာ ဗုံးနှစ်လုံးကျဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇူလိုင်လ (၄ ) ရက်နေ့ ညနေ ၅ နာရီအချိန်မှာ ဗန်းမောက်မြို့ပေါ်မှာ ဝဲပျံနေတာ ၁၀ မိနစ်အကြာပြီးတဲ့နောက် တောင်ပိုင်းဒေသဘက်ကို ဆက်ပျံပြီး ဗုံးသုံးလုံးကျဲချသွားတယ်လို့ မျက်မြင် ဒေသတစ်ဦးကပြောပြပါတယ်။
“ ဆူလို့ညံလို့စီးမော်သောင်ကြီးဘက်ကိုပဲ အဲ့ဒီကော်တာနားတလျှောက်မှာပါ့ သူတို့ရှိတတ်တဲ့နေရာမှာပါ့ ။သူတို့ဝဲတာလည်းဗန်းမောက်မြို့ကိုဆူသွားတာပါ့ဝေါဝေါဝေါကြီးကိုဟိုဘက်ကိုပျံဒီဘက်ကိုပျံနဲ့အဲ့လိုကိုပျံနေတာ” လို့ဒေသခံတစ်ဦးကဆိုပါတယ်။
နာရီဝက်နီးပါး ဝဲပျံကာ ဗုံးသုံးလုံးကျဲချတဲ့အသံကြားပြီးတဲ့နောက် ဗန်းမောက်အရှေ့ဘက်ခြမ်းဘက်ကို အဲ့ဒီလေယာဉ်ပြန်လှည့်သွားတယ်လို့သိရပါတယ်။
ဗန်းမောက်တောင်ပိုင်းဘက်ကို ရှမ်းနီအသံက ဆက်လက်ဆက်သွယ်နေပေမယ့် ဖုန်းလိုင်းအခက်အခဲကြောင့် ဆက်သွယ်ရေး ပျက်တောက်နေဆဲဖြစ်ပါတယ်။
ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကထုတ်ပြန်မှုအရ ထိခိုက်မှုမရှိဘူးလို့လည်း ဆိုထားပါတယ်။