တော်လှန်ရေးတပ်များ၏ ဒရုန်းဗုံးသီးကြောင့် ဗန်းမောက်မြို့နယ် နောင်မဲ့လုံကျေးရွာမှ တစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရ 

ဒီဇင်ဘာ ၁၆ ၊ ဗန်းမောက် 

စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်  လေးသီကျေးရွာအုပ်စု၊ နောင်မဲလုံကျေးရွာမှာ ဒီဇင်ဘာလ (၁၅) ရက်၊ တနင်္ဂနွေနေ့မှာ ဒရုန်းမှ ဗုံးသီးကျရောက်မှုကြောင့်  ဒေသခံတစ်ဦးသေဆုံးခဲ့ပြီး လေးဦးဒဏ်ရာရခဲ့တယ်လို့ စုံစမ်းသိရပါတယ်။

ဒီဇင်ဘာလ ၁၅ ရက်နေ့ မနက် ၁၁ ဝန်းကျင်အချိန်မှာ ဗန်းမောက်မြို့အနီးရှိ နောင်မဲလုံကျေးရွာကို  ရှမ်းနီအမျိုးသားများတပ်မတော် SNA ရောက်ရှိချိန်မှာ  တော်လှန်ရေးအင်အားစု KIA+PDF ပူးပေါင်းတပ်တွေ သတင်းရရှိပြီး  ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သေဆုံးသူ၏ မိသားစုဝင်တစ်ဦးက ပြောပါတယ်။ 

ငါးယောက်လုံး နောင်မဲလုံကပဲ ထိသွားတာ။ သိန်းအောင်၊ မောင်ပို၊ သန်းယု၊ အေးစိုး၊ ဦးကျော် ၊  ငါ့ဆွေမျိုးတွေဆိုတော့ စုပြီး စကားပြောနေကြတာ အဲ့မှာ ဒရုန်းလာကျတာ အဲ့လိုဖြစ်တာ ၊ ဒရုန်းလွှတ်ခဲ့တာလေ မိုးပေါ်မှာဝဲတဲ့ဟာလေ လွှတ်ခဲ့တာ” လို့  ထိခိုက်သေဆုံးသူ၏ အမျိုးသမီးကပြောပြပါတယ်။ 

သေဆုံးသူမှာ အေးစိုးဖြစ်ပြီး ခြေထောက်နှစ်ဖက်စလုံးကို ဒရုန်းဗုံးသီးစ ထိမှန်ခဲ့တာဖြစ်ပြီး သွေးထွက်လွန်ကာ သေဆုံးခဲ့ခြင်းဖြစ်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ 

ကျန်တဲ့ လေးဦးမှာလည်း ခြေထောက် ၊ ကျော ၊ ဝမ်းဗိုက်တွေမှာ မိုင်းစထိမှန်ခဲ့ကာ လက်ရှိဗန်းမောက်မြို့ ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေကြရပါတယ်။ 

သူတို့(KIA+PDF) က လူစုလူဝေးလုပ်တာကို မလုပ်စေချင်တဲ့သဘောပါ။ နောင်မဲလုံကို ဟိုးအဝေးကနေရောက်လာတာ ဒရုန်းနဲ့ ပထမတစ်ခါလည်း ဒရုန်းနှင့်လာချသေးတဲ့ အဲ့ဒီအခါက ဘုန်းကြီးကျောင်းဆောင်နှင့်ဇရပ် အကြားထဲကျကွဲတာ” လို့  ထိခိုက်ဒဏ်ရာရသူရဲ့ နောက်ထပ် ဆွေမျိုးတော်စပ်သူ တစ်ဦးက ပြောပြပါတယ်။ 

ဗန်းမောက်မြို့နယ်မြောက်ပိုင်းဒေသဖြစ်တဲ့  လေးသီကျေးရွာအနီးတဝိုက်ကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားတာ တစ်နှစ်ကျော်ဝန်းကျင်ရှိလာပြီလည်းဖြစ်ပြီး ဗန်းမောက်မြို့ပေါ်ရှိ စစ်ကောင်စီရဲ့ ဗျူဟာကုန်းကို မကြာခဏ ဒရုန်းနဲ့ တိုက်ခိုက်မှုတွေပြုလုပ်နေတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *