ဒေါ်လာကနေကျပ်ငွေကိုလဲလှယ်ရာမှာကင်းလွတ်ခွင့်ရသူတွေကိုဗဟိုဘဏ်ထုတ်ပြန်ကြေညာ 

ဧပြီ၂၁၊ရန်ကုန်

ဒေါ်လာကနေ ကျပ်ငွေကို လဲလှယ်ရာမှာ ကင်းလွတ်ခွင့်ရသူတွေကို ဗဟိုဘဏ်က ဧပြီလ ၂၀ ရက်နေ့ ရက်စွဲနဲ့ ကြေညာခဲ့ပါတယ်။ 

မြန်မာနိုင်ငံထဲကို ဝင်လာတဲ့ နိုင်ငံခြားသုံးငွေတွေကို တစ်ရက်အတွင်း မြန်မာကျပ်ငွေနဲ့ လဲလှယ်ရမယ်ဆိုတဲ့ ညွှန်ကြားချက်ကနေ အကျုံးမဝင်တဲ့ လုပ်ငန်းတွေ ၊​အဖွဲ့အစည်းတွေနဲ့ ဖွံ့ဖြိုးရေးအေဂျင်စီတွေကို ဗဟိုဘဏ်က မနေ့က ကြေညာပါတယ်။ 

မြန်မာနိုင်ငံကို နိုင်ငံခြားကနေ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၊ အထူးစီးပွားရေးဇုန်တွေမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းလုပ်ကိုင်နေသူတွေ နဲ့ သံတမန်အသိုင်းအဝိုင်းတွေပါဝင်ပါတယ်။ 

မြန်မာနိုင်ငံထဲမှာရှိတဲ့ ကုလသမဂ္ဂအဖွဲ့အစည်းနဲ့ သူ့ဝန်ထမ်းများ ၊​မြန်မာနိုင်ငံကို ဖွံ့ဖြိုးရေးအတွက်လာရောက်ကူညီနေကြတဲ့ အင်ဂျင်စီတွေ ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေဖြစ်တဲ့ ကြက်ခြေနီ ၊ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ ILO ၊ INGO မှ သံတမန်အဆင့် နိုင်ငံခြားသားဝန်ထမ်းတွေပါဝင်ပါတယ်။ 

ဒါ့အပြင် နိုင်ငံပိုင် နဲ့ နိုင်ငံသားပိုင်တဲ့ အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းတွေလည်း ကင်းလွတ်ခွင့်ရရှိခဲ့ပါတယ်။ 

  ဗဟိုဘဏ်က ဒီလိုကင်းလွတ်ခွင့်ရသူတွေကို နိုင်ငံခြားငွေနဲ့ပတ်သက်ပြီး ဆောင်ရွက်ရာမှာ စာရွက်စာတမ်း အထောက်အထားတွေကို စိစစ်ဖို့ နဲ့ မှန်ကန်မှ ဆောင်ရွက်ပေးဖို့ ဆိုထားပါတယ်။ 

ဒီလိုဆောင်ရွက်မှုတွေကို မြန်မနိုင်ငံ ဗဟိုဘဏ်ကိုလည်း တင်ပြရမှာဖြစ်ပြီး မှတ်ထားထားရှိဖို့နဲ့ ချို့ယွင်းချက်တွေရှိလာရင် ဘဏ်ရဲ့ တာဝန်သာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။ 

နိုင်ငံခြားသုံးငွေနဲ့ ရတဲ့ငွေတွေကို တစ်ရက်အတွင်းလဲလှယ်ပြီး နိုင်ငံခြားငွေစာရင်းထဲက ငွေကို ငွေလဲနှုန်း အမေရိကန် တစ်ဒေါ်လာ မြန်မာငွေက ၁၈၅၀ ကျပ်နဲ့ ရောင်းချဖို့ ဧပြီလ ၃ ရက်နေ့မှာ ဗဟိုဘဏ်က သတ်မှတ်ကြေညာခဲ့ပါတယ်။ 

မြန်မာနိုင်ငံအတွင်း ငွေလဲကောင်တာတချို့နဲ့ စက်ပစ္စည်းရောင်းချနေတဲ့ ဆိုင်အများစုကတော့ တစ်ဒေါ်လာကို ၁၉၀၀ ကျပ် ဝန်းကျပ်ကနေ ၂၀၀၀ ကျပ်ကျော်အထိ သတ်မှတ်ရောင်းချနေကြဆဲဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *