
နိုဝင်ဘာ ၈ ၊ ရန်ကုန်
အာဆီယံအထူးကိုယ်စားလှယ် အပါအဝင် မြန်မာ့အရေးကိုယ်စားလှယ်တွေအားလုံးကို ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဆွေးနွေးရေးက လက်တွေ့ကျတဲ့ မြန်မာ့ပြဿနာပြေလည်ရေးလမ်းစရရှိနိုင်မယ်လို့ NLD. ပါတီက ဆိုပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲ (၂) နှစ်ပြည့်တဲ့ နိုဝင်ဘာလ ၈ ရက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ထုတ်ပြန်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံးလွှတ်မြောက်ရေးအတွက် အာဆီယံ နဲ့ ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေက ဦးစားပေးကြိုးပမ်းပေးသင့်တဲ့ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်တယ်လို့လည်း NLD တောင်းဆိုထားပါတယ်။
အာဆီယံ အထူးကိုယ်စားလှယ် နဲ့ ကုလဆိုင်ရာမြန်မာအထူးကိုယ်စားလှယ်တွေကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပေးဖို့အရေး စစ်ကောင်စီကို အမြဲတောင်းဆိုနေတာလည်းဖြစ်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲကို NLD ပါတီက နိုင်ငံတစ်ဝှမ်း မဲဆန္ဒနယ် ၁၁၁၇ ခုထဲက မဲဆန္ဒနယ် ၉၂၀ မှာ အနိုင်ရရှိခဲ့ပြီး ထောက်ခံမဲ ရရှိမှု ၈၂.၄ ရာခိုင်နှုန်းရှိခဲ့တာလည်းဖြစ်ပါတယ်။
စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ စစ်အုပ်စုတွေက သူတို့လိုချင်တဲ့ မဲရလဒ်ကို မဖြစ်လာတာကြောင့် မဲစာရင်းမှားယွင်းတဲ့ အကြောင်းပြချက်နဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းခဲ့တာလည်းဖြစ်ပါတယ်။
အာဏာသိမ်းတဲ့နေ့မှာပဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နဲ့ NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေကိုဖမ်းဆီးခဲ့တာလည်းဖြစ်ပါတယ်။
စစ်ကောင်စီက NLD ပါတီရဲ့ ပါတီဝင်တွေကို ဖမ်းဆီးတာ ၊ သတ်ဖြတ်တာ ၊ ရုံးချုပ်တွေနဲ့ ပါတီဝင်တွေရဲ့ ပိုင်ဆိုင်မှုတွေကို ချိတ်ပိတ်သိမ်းဆည်းတာရှိခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်နဲ့ ပါတီဝင် ၆၇ ဦးသေဆုံးခဲ့ပြီး ပါတီဝင် ၂၇၄ ဦးရဲ့ နေအိမ်တွေချိတ်ပိတ်ခံလိုက်ရတာလည်းဖြစ်ပါတယ်။