ဓာတ်ဆီနဲ့ကုန်စျေးနှုန်းမြင့်တက်မှုဒဏ်ကိုတောင်သူတွေကြံ့ကြံ့ခံနေရ 

ဟုမ္မလင်းမြို့နယ်ထဲက လယ်လုပ်ကွက်တစ်ခုကိုတွေ့ရစဉ် Photo/ShanNi Voice

မတ် ၁၇ ၊ ဟုမ္မလင်း

တရိပ်ရိပ်တက်လာတဲ့ စက်သုံးဆီစျေးတွေနဲ့ ကုန်စျေးနှုန်းတွေကြောင့် ဒီနှစ်အစပိုင်းကစပြီး တောင်သူတွေ အခက်အခဲပိုဖြစ်လာတယ်လို့ ဟုမ္မလင်းမြို့နယ်က စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူတွေဆီကနေသိရပါတယ်။ 

လက်ရှိအချိန်မှာ စက်သုံးဆီစျေးနှုန်းတွေက မြင့်တက်နေပြီး စိုက်ပျိုးရေးလုပ်ငန်းတွေအတွက်လည်း စိန်ခေါ်မှုဖြစ်နေတယ်လို့ဆိုပါတယ်။ 

“ ဆီစျေးတွေလည်းတက်တယ် ၊ သီးနှံတွေကလည်း စျေးတွေကလည်းမရှိတော့ဘူး ဒီတစ်လပိုင်းဖေဖော်ဝါရီလကပြီးပိုဆိုးနေတယ် ခရမ်းသီးတောင်ယူမယ့်သူမရှိတော့ဘူးဖြစ်နေတာ ၊ ဆီစျေးလည်းတက်တော့ စိုက်ပျိုးရေးဥယျာဉ်သမားတွေလည်း ရေသွင်းဖို့ကျတော့ ပုံမှန် လေးဗူးလောက်သွင်းရမယ့်ဟာကို ဆီစျေးတက်တော့ချွေတာပြီး တစ်ဗူးပဲသွင်းလိုက်ရတာပေါ့၊ ထွက်တဲ့သီးနှံစျေးကလည်းမကောင်းဘူးဆိုတော့ လျော့သွင်းရတာပေါ့ အပင်မသေယုံတမယ်ပဲ” လို့  ဟုမ္မလင်းမြို့နယ်က တောင်သူ စိုင်းအောင်လင်း ပြောပါတယ်။ 

ဟုမ္မလင်းမြို့နယ်က ဥယျာဉ်ခြံသီးနှံတွေကို ရွှေမှော်တွေမှာ အဓိကရောင်းချနေရပြီး စက်သုံးဆီစျေးကြောင့် ရွှေမှော်တချို့ရပ်နားမှုအပြင် စစ်ကောင်စီက ရွှေမှော်တွေလိုက်လံပိတ်သိမ်းဖို့ ပြောဆိုနေမှုကြောင့် ဝယ်လက်လျှော့နည်းမှုတွေနဲ့ကြုံတွေ့နေရတာပါ။ 

ဒီနှစ်မှာ စိုက်ပျိုးရေးမျိုးစေ့တွေနဲ့ မြေဆီဓာတ်မြေဩဇာစျေးနှုန်းတွေက တစ်ဆကနေ နှစ်ဆထိ မြင့်တက်နေပါတယ်။ 

ယခင်က မျိုးစေ့တစ်အိတ်ကို ၄၅၀၀ ကျပ်ကနေ လက်ရှိပေါက်စျေးက တစ်သောင်းကျပ်ဝန်းကျင်ရှိနေပြီး ဓာတ်မြေဩဇာစျေးတွေကလည်း  ယခင်က ၃သောင်းကနေ အခု တစ်အိတ်တစ်သိန်းကနေ တစ်သိန်းကျော်အထိမြင့်တက်နေတာလည်းဖြစ်ပါတယ်။ 

ဟုမ္မလင်းမြို့နယ်မှာ စပါး ၊ မြေပဲ ၊ မြေထောက်ပဲ ၊ ပဲစင်းငုံ  စတဲ့ပဲအမျိုးမျိုးနဲ့ ဟင်းသီးဟင်းရွက်စိုက်ပျိုးတဲ့ဧက ၂ သောင်းကျော်မှာ စိုက်ပျိုးကြတာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *