
ဖေဖော်ဝါရီ ၁၉ ၊ နေပြည်တော်
ပြည်တွင်းကုမ္ပဏီများသာမက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများပါ လုပ်ကိုင်ခွင့်ပြုသွားမယ့် ပုဂ္ဂလိက လုံခြုံရေးဥပဒေတစ်ရပ်ကို စစ်ကောင်စီက မနေ့က ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ ပြဌာန်းလိုက်ပါတယ်။
နိုင်ငံခြားကုမ္ပဏီတွေဟာ လိုင်စင်လျှောက်လာရင် မြန်မာနိုင်ငံရဲ့ ကုမ္ပဏီများဥပဒေအတိုင်း မှတ်ပုံတင်ရမှာဖြစ်ပြီး အာမခံကြေးအဖြစ် ကျပ်သိန်းတစ်ထောင်နဲ့ညီမျှတဲ့ နိုင်ငံခြားငွေကို ဗဟိုဘဏ်မှာ စာရင်းသေအပ်ငွေအဖြစ် အပ်နှံထားရမယ်လို့ဆိုပါတယ်။
နိုင်ငံခြား ပုဂ္ဂလိက လုံခြုံရေးကုမ္မဏီတွင် မြန်မာနိုင်ငံသား အနည်းဆုံး ၇၅ ရာခိုင်နှုန်းပါဝင်ရမှာဖြစ်တယ်လို့လည်း ပြဌာန်းထားပါတယ်။
ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီတွေမှာ ခန့်အပ်မယ့် သူက နိုင်ငံခြားသားဖြစ်မယ်ဆိုရင် ပြည်ပနိုင်ငံတစ်ခုခုရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ မဟုတ်တဲ့သူ ၊ သက်ဆိုင်ရာနိုင်ငံတွေရဲ့ ပြစ်မှုကင်းရှင်းကြောင်းထောက်ခံချက် ၊ မြန်မာနိုင်ငံရဲ့ အလုပ်သမားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ စည်းကမ်းတွေနဲ့ ကိုက်ညီသူတွေဖြစ်ရမယ်လို့ဆိုပါတယ်။
လက်နက်ခဲယမ်းကိုင်ဆောင်နိုင်ဖို့အတွက်လည်း ဒီကုမ္ပဏီတွေက အမျိုးသားလုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီထံကို တင်ပြရမှာဖြစ်ပြီး ကိုင်ဆောင်ခွင့်ရရှိခဲ့ရင် မြန်မာနိုင်ငံရဲ့ လက်နက်ဥပဒေ နဲ့ လက်နက်သယ်ဆောင်ခွင့်ဥပဒေတွေအတိုင်းလိုက်နာရမယ်ဆို့ ပြဌာန်းထားတာဖြစ်ပါတယ်။
ဒီပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီတွေထွက်လာဖိို့အတွက် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကုန်ပိုင်းမှာ တရုတ်နိုင်ငံက မြန်မာနိုင်ငံဘက်ကို ကမ်းလှမ်းမှုတွေရှိခဲ့တာဖြစ်ပါတယ်။
တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ပူးပေါင်းလုံခြုံရေးကုမ္ပဏီ တည်ထောင်နိုင်ရေးအတွက် စစ်ကောင်စီက လုပ်ငန်းကော်မတီဖွဲ့စည်း၍ လေ့လာပြင်ဆင်နေတယ်လို့ မြန်မာနိုင်ငံပြန်တမ်းမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံရဲ့စီမံကိန်းတွေဟာ တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်မှုရရှိလာပြီးတဲ့နောက် တရုတ်နိုင်ငံက လုံခြုံရေးကုမ္ပဏီတွေနဲ့ ထိုစီမံကိန်းနေရာတွေမှာ ထားရှိဖို့ တိုက်တွန်းလာခဲ့တာလည်းဖြစ်ပါတယ်။