နိုင်ငံတစ်ဝန်းက (၇)မြို့မှာ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေ 

စက်တင်ဘာ ၁၁ ၊​ တောင်ကြီး 

    ဒီနေ့စက်တင်ဘာလ(၁၁)ရက်နေ့အထိ  မြန်မာနိုင်ငံတစ်ဝန်းမှာ ရေကြီးရေလျှံမှုဖြစ်ပွားနေတဲ့ မြို့ (၇)မြို့ထိရှိလာပြီး ပျက်စီးဆုံးရူံးမှုတွေအပြင် နေအိမ်တွေအတော်များများလည်း ရေနစ်မြှုပ်နေဆဲဖြစ်ပါတယ်။

     ရှမ်းပြည်နယ်အရှေ့ပိုင်းက တာချီလိတ်မြို့နဲ့မိုင်းပေါက်မြို့၊ ရှမ်းပြည်နယ်မြောက်ပိုင်းက ပန်ဆန်းမြို့၊ (ရှမ်း)တောင်ပိုင်းက  မိုင်းကိုင်မြို့နဲ့ ကလောမြို့၊ (ရှမ်း)အရှေ့ပိုင်းက ကျိုင်းတုံမြို့တို့နဲ့ ကရင်ပြည်နယ်အတွင်းရှိ မြဝတီမြို့တို့မှာ ရေဘေးသင့်နေကြတာလို့ သိရပါတယ်။

    ရေကြီးရေလျှံမှုမဖြစ်ပွားတာ နှစ်ပေါင်း(၃၀)ကျော်ကြာ ကြာမြင့်ခဲ့ပြီဖြစ်တဲ့ တောင်ပေါ်မြို့ကလောမြို့ဟာ ဒီနှစ်မှာ ကလောချောင်းရေလျှံမှုကြောင့် ယမန်နေ့ (၁၀)ရက်နေ့ကနေစတင်ပြီးမိုးသည်းစွာ ရွာသွန်းကာ ယနေ့အထိ မြို့ပေါ်ရပ်ကွက်အချို့ ရေနစ်မြှုပ်နေတာလည်း ဖြစ်ပါတယ်။ 

   နောက်တစ်ရက်အတွင်းမှာလည်း ပဲခူးမြစ်ရေ(၂)ပေခွဲခန့်နဲ့စစ်တောင်းမြစ်ရေ(၁)ပေခွဲခန့် မြင့်တက်လာနိုင်ပြီး စိုးရိမ်ရေအမှတ်ထက်ဆက်လက်တည်ရှိနေနိုင်ကာ ပဲခူးမြို့နဲ့တောင်ငူမြို့တွေက မြစ်ကမ်းအနီးနဲ့မြေနိမ့်ပိုင်းအတွင်းနေထိုင်သူများကို အထူးသတိပြုဖို့ မိုးဇလက ပြောဆိုထားပါသေးတယ်။

  အိန္ဒိယနိုင်ငံက အားကောင်းတဲ့မုန်တိုင်းငယ်ရဲ့အရှိန်ကြောင့်  မိုးဇလက စက်တင်ဘာလ(၉)ရက်နေ့ကနေ (၁၂)ရက်နေ့အထိ မြန်မာနိုင်ငံတွင်းက နေပြည်တော်၊စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့မှာ မိုးကြီးခြင်းများဖြစ်ပေါ်နိုင်တယ်လို့ ထုတ်ပြန်သတိပေးထားပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *