
ဧပြီ ၅ ၊ ရန်ကုန်
စစ်ကောင်စီက အာဏာသိမ်းထားတဲ့ တစ်နှစ်နဲ့ လေးလအတွင်းမှာ နေအိမ်နဲ့ အဆောက်အဦး စုစုပေါင်း ငါးရာ့လေးဆယ်ကျော်ကို ချိတ်ပိတ်သိမ်းဆည်းခဲ့တယ်လို့ နိုင်ငံရေးအကျည်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့က မနေ့က ပြောဆိုခဲ့ပါတယ်။
ဒီချိတ်ပိတ်သိမ်းခံတဲ့ထဲမှ တစ်ရာ့သုံးဆယ်ကျော်က စစ်ကိုင်းတိုင်းဒေသကြီးထဲကဖြစ်ပြီး အများဆုံး ချိတ်ပိတ်ခံထားရတဲ့ တိုင်းဒေသကြီးတစ်ခုလည်းဖြစ်ပါတယ်။
ချိတ်ပိတ်ခံလိုက်ရတဲ့ နေအိမ်အများစုက စစ်ကောင်စီဘက်က ဖမ်းဝရမ်းထုတ်ခံထားရသူတွေ နဲ့ ဖမ်းဆီးထားသူတွေဖြစ်ပြီး ၎င်းတို့ရဲ့ ဆွေမျိုးတချို့ရဲ့ နေအိမ်တွေလည်း ဒီချိတ်ပိတ်မှုမှာ ပါဝင်တယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။
AAPP ဘက်က နေအိမ် နဲ့ ပိုင်ဆိုင်မှုချိတ်ပိတ်ခံလိုက်ရတဲ့အပေါ် သက်ဆိုင်တဲ့ ကာယကံရှင်တစ်ဦးတည်းမဟုတ်ပဲ ဆွေးမျိုးအသိုင်းအဝိုင်းတစ်ခုလုံးကိုပါ ထိခိုက်နစ်နာမှုဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
ချိတ်ပိတ်ခံလိုက်ရသူတွေထဲမှာ NUG ၊ CRPH ၊ အနုပညာရှင်တချို့ ၊တက်ကြွလုပ်ရှားသူတွေနဲ့ အွန်လိုင်းကနေ နေအိမ်အတွင်းနေပြီး ဆန္ဒထုတ်ဖော်တဲ့ ကာပိန်းအတွက် ကူညီဖြန့်ဝေပေးတဲ့ ဆိုင်တချို့လည်းပါဝင်တာဖြစ်ပါတယ်။
NLD ရဲ့ လွတ်တော်ကိုယ်စားလှယ်နဲ့ ပါတီဝင်တွေပိုင်ဆိုင်တဲ့ နေအိမ် အဆောက်အဦး ၁၅၀ ကျော်ကို စစ်ကောင်စီဘက်က ချိတ်ပိတ်ထားတဲ့အကြောင်း မတ်လ ဒုတိယအပတ်ထဲမှာ ပြောဆိုထားပါတယ်။