နောင်ချိုမြို့အတွင်းကိုစစ်ကောင်စီတပ်များဝင်ရောက်နေရာယူ

နောင်ချိုမြို့အတွင်းရောက်ရှိလာသည့် စစ်ကောင်စီတပ်များကိုတွေ့ရစဉ်/ Photo Credit

ဇူလိုင် ၁၆ ၊ နောင်ချို

ရှမ်းမြောက်-မန္တလေးနယ်စပ်မြို့ဖြစ်တဲ့ နောင်ချိုမြို့အတွင်းက ရပ်ကွက်တွေနဲ့ ဌာဆိုင်ရာရုံးတွေကို စစ်ကောင်စီတပ်တွေက ဝင်ရောက်နေရာယူလိုက်ပြီဖြစ်ကြောင်း ဒေသခံများထံကနေ သိရပါတယ်။ 

မနေ့က ဇူလိုင်လ ၁၅ ရက်နေ့မှာ စစ်ကောင်စီရဲ့ ထုတ်ပြန်တဲ့ ဓာတ်ပုံတွေအရ TNLA ရဲ့ ရဲစခန်း၊ စည်ပင်ရုံးတွေမှာ စစ်ကောင်စီတပ်က ရောက်ရှိခဲ့ပြီး တခြားသော ဌာနဆိုင်ရာရုံးနေရာတွေကိုလည်း သိမ်းပိုက်ရရှိကြောင်း ဆိုထားပါတယ်။ 

“ နောင်ချိုကိုတော့ ဗမာ(စစ်တပ်)က ရသွားပြီ ။ သီပေါ၊ ကျောက်မဲအခြေအနေတွကလည်း တိုက်ဖို့ပြင်သွားမယ်နဲ့တူပါတယ်။ မနေ့က စစ်တပ်က မိုင်းငေါ့မှာ ဗုံးလာကြဲသေးတယ်လေ” လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။ 

နောင်ချိုမြို့အတွင်းကို စစ်ကောင်စီဝင်ရောက်ခဲ့ပေမယ့် ဒေသတချို့မှာ TNLA နဲ့ PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ကြား ထိတွေ့တိုက်ပွဲတွေက ဆက်လက်ဖြစ်ပွားနေဆဲအခြေအနေလည်းဖြစ်ပါတယ်။ 

TNLA ဘက်ကတော့ နောင်ချိုမြို့ကို လက်လွှတ်လိုက်ရကြောင်း ထုတ်ပြန်ပြောဆိုခြင်းမရှိသေးပေမယ့် ဒေသခံတွေကတော့ စစ်ကောင်စီတပ်က သိမ်းပိုက်ရရှိကြောင်း အတိအလင်းပြောဆိုမှုတွေရှိနေပါတယ်။ 

စစ်ကောင်စီက နောင်ချို့မြို့ကို တိုက်ခိုက်ဖို့အတွက် ၂၀၂၅ နှစ်စမှာ စစ်ကြောင်းတွေကို ပြန်လည်ပြင်ဆင်ခဲ့သလို ဒရုန်းနည်းပညာတွေနဲ့ ကနဦးတိုက်ပွဲတွေမှာ အသုံးပြုခဲ့တာဖြစ်ပါတယ်။ 

၂၀၂၄ ခုနှစ် ဇူလိုင်လမှ TNLA က နောင်ချိုမြို့ကို သိမ်းပိုက်ရရှိခဲ့ပြီးတဲ့နောက် တောင်ခမ်းဒေသဘက်ကို ထိုးစစ်ဆင်ခဲ့ပေမယ့် တရုတ်နိုင်ငံရဲ့ ညှိနှိုင်းပေးမှုတွေကြောင့် တိုက်ပွဲတွေရပ်တန့်ခဲ့တာလည်းဖြစ်ပါတယ်။

စစ်ကောင်စီဟာ  ညီနောင်မဟာမိတ် တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် TNLA သိမ်းပိုက်ထားတဲ့ မိုးကုတ်၊ နောင်ချို၊ ကျောက်မဲ ၊ သီပေါ မြို့နယ် အပါအဝင် ကွတ်ခိုင်မြို့တွေတို့ကို ပြန်လည်ဆုတ်ခွာဖို့အတွက်သာ ပြောဆိုမှုတွေရှိနေတာလည်းဖြစ်ပါတယ်။ 

စစ်ကောင်စီဟာ နောင်ချိုမြို့ကို သိမ်းပိုက်ရရှိပြီးရင် တခြားသော TNLA သိမ်းပိုက်ထားတဲ့မြို့နယ်တွေကို ထိုးစစ်ဆင်မှုတွေရှိလာမှာကို ဒေသခံတချို့ စိုးရိမ်နေကြပြီး ကြိုတင်စစ်ရှောင်ဖို့ ပြင်ဆင်မှုတွေလည်းရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ 

၁၀၂၇ စစ်ဆင်ရေးကြောင့်  ညီနောင်မဟာမိတ်တွေရဲ့ သိမ်းပိုက်ရရှိထားတဲ့ မြို့တွေထဲက လားရှိူးမြို့ကို  တရုတ်အကူအညီဖြင့်စစ်ကောင်စီက ပထမဆုံးမြို့အဖြစ်ပြန်လည်ရရှိခဲ့ပြီး နောင်ချိုမြို့ကိုတော့ တိုက်ခိုက်သိိမ်းပိုက်ပြီး ပထမဆုံးရရှိခဲ့တာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *