နောင်ပတ်ဦးဆောင်ဆရာတော်  KIA+PDF အဖွဲ့ကဖမ်းဆီးသတ်ဖြတ်ခဲ့ဟုဒေသခံများဆို

ရှမ်းနီအမျိုးသားနေ့မှာ မိန့်ခွန်းပြောကြားနေသည့် ဦးဂန္ဓမာ Photo/ShanNi Voice

စက်တင်ဘာ ၆ ၊ ဗန်းမောက်

ဗန်းမောက်မြို့နယ် အနောက်ပိုင်းဒေသ နောင်ပတ်ကျေးရွာဘုန်းတော်ကြီးကျောင်း၏ ဦးဆောင်ဆရာတော်တစ်ပါးဖြစ်သည့် ဆရာတော် ဦးဂန္ဓမာကို KIA+PDF အဖွဲ့က စက်တင်ဘာလ ၄ ရက်နေ့မှာ ကျောင်းဝင်းအတွင်း လာရောက်ခေါ်ဆောင်ပြီး အဆိုပါနေ့မှာပင် သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ် ။

” ဦးဇင်း ဂန္ဓမာရေချိုးနေတဲ့ ကိုရင်တွေကို ဘုရားဖူး တက်ဖို့ ပြောနေတဲ့အချိန်လာခေါ်တာလေ။ သူတို့ဆရာက စကားပြောစရာရှိတယ်ဆိုပြီးမှ ခေါ်သွားတယ် ။ ကျောင်းအပြင်ရောက်သွားတော့ အုပ်စုဥက္ကဌရဲ့ မျက်နှာချင်းဆိုင်CDM ကျောင်းဆရာအိမ်မှာ အဝတ်အစား သွားတောင်းတယ်လို့ပြောတယ် ။ ဦးဂန္ဓမာကိုလည်း အဝတ်အစားလဲခိုင်းတယ်လို့ပြောတယ် ။ ဦးဂန္ဓမာကမလဲဘူး ။ ဦးဂန္ဓမာရဲ့ စိတ်ဓာတ်ကို သိတယ်  မလဲဘူးဆိုတာ။” ဟု ဖြစ်စဥ်ကို အနီးကပ်မြင်တွေ့ခဲ့သည့် အမည်ဖော်ပြရန်မသင့်သည့် သတင်းရင်းမြစ်တစ်ဦးကဆိုသည် ။

ဆရာတော်ကိုလာခေါ်ရာတွင် ဘက်တံဆိပ် မပါ စစ်စိမ်းရောင် နှင့် ပျောက်ကြားယူနီဖောင်းဝတ်ဆယ်ဦးကျော် လက်နက်အပြည့်အစုံဖြင့် လာခေါ်ခြင်းဖြစ်ပြီး အဆိုပါလူများကို မြင်တွေ့ခဲ့သူက အဆိုပါပုဂ္ဂိုလ်များသည် KIAနှင့် PDF များသာဖြစ်ကြောင်း သိရှိသူများက အခိုင်အမာပြောကြားသည်။

  ” သူတို့လာဖမ်းတုန်းက ဘက်တံဆိပ်မပါဘူး ။ ခေါင်းဆောင်ကတော့ တော်သလင်းလဆန်း ၆ ရက်နေ့ ညပိုင်းမှာ(သြဂုတ် ၃၁) ဇရပ်မှာအိပ်တယ် ။ ၇ ရက်နေ့မှာကျတော့ နေရာရွေ့ပေးဖို့ ဥပုသ်ရက်မှာကျတော့ ဥပုသ်သည်တွေရှိတဲ့အကြောင်း နေရာရွေ့ပေးဖို့ ပြောလိုက်တယ် ။ သူတို့ခေါင်းဆောင်က ဗမာစကားမပီတပီနဲ့တော့ပြောခဲ့တယ် ။ သူတို့ဝတ်စုံက KIA ဝတ်စုံ ဝတ်ထားတယ် ။ ကျန်တဲ့ဟာတွေ ခွပ်ဒေါင်းတံဆိပ်ဝတ်တယ် ။”ဟု ဖြစ်စဥ်တစ်ခုလုံး ကြုံတွေ့ခဲ့သူကဆိုသည်။

ဆရာတော် ဦးဂန္ဓမာအား နန့်ဆကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး အဆိုပါကျေးရွာအနီးတွင်ပင် မြုပ်နှံထားခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

” ၅ ရက်နေ့မနက်ပိုင်းကျတော့ သူတို့တပ်တွေဆုတ်တယ်လေ ။ နန့်ဆဘက်ကိုသွားတယ် ။ သူတို့လူနာတွေကို ကားနဲ့ သုံးလေးစီးကဲ့တယ်။ လမ်းလျောက်နိူင်တဲ့လူတွေကျတော့ လမ်းလျောက်သွားတယ် ။ နန့်ဆ ဇရပ်မှာသွားစုတာပေါ့ ။ သွားစုတဲ့အချိန်မှာ နန့်ဆရွာသားတွေက ဦးဂန္ဓမာ မပါနိုင်ဘူးဆိုတာ ခန့်မှန်းမိသွားပြီပေါ့။ (၅)ရက်နေ့မနက်က တပ်ဆုတ်သွားပြီးလို့ လူငြိမ်သွားတဲ့အခါကျတော့ နန့်ဆဘက်ကလာအကြောင်းကြားတယ်။ ဦးဂန္ဓမာမပါသွားနိူင်ဘူး ။ သူတို့လူဝတ်ဘယ်လောက်လဲလဲ ဦးဂန္ဓမာ သွားပုံလာပုံ ကိုယ်လုံးအနေအထားကို သူတို့ခန့်မှန်းနိူင်တယ်လေ။ မပါနိူင်ဘူးဆိုတော့မှပဲ နန့်ဆဘက်ကအရင်လာရှာတယ်။ ဘုန်းကြီးခိုင်းလို့လာရှာတဲ့အချိန်မာမြေဇာပုံနှစ်ပုံတွေ့တယ် ။ တစ်ပုံကအလွတ် တစ်ပုံက ဖိုထားတာတွေ့တယ် ။ အဲ့ဒါကို သေချာအောင်လို့ဆိုပြီး ဒီနေ့မနက် လူကြီးတွေနဲ့ တိုင်ပင်ပြီးမှ ပြန်သွားကြည့်တာ။” ဟု သတင်းရင်းမြစ်တစ်ဦးကဆိုသည်။

KIA +PDF အဖွဲ့များသည် သြဂုတ်လ ၃၁ ရက်နေ့ကတည်းက နောင်ပတ်ကျေးရွာကိုရောက်ရှိပိတ်ဆို့ထားပြီး စက်တင်ဘာလ ၅ ရက်နေ့မှ ပြန်လည်ထွက်ခွာသွားခြင်းဖြစ်ကြောင်းသိရသည်။

NUG လက်အောက်ခံ KIA+PDF တပ်မဟာအဆင့်ရှိ ပင်လည်ဘူး ဒေသအခြေစိုက် အဖွဲ့သည် သြဂုတ်လ ၂၀ ရက်နေ့မှ စတင်၍ ရှမ်းနီအမျိုးသားများတပ်မတော် SNA ထိန်းချုပ်နယ်မြေအတွင်းသို့ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာခဲ့ပြီး နောင်ပတ်ကျေးရွာအထိဝင်ရောက်ကာ တိုက်ပွဲများအပြင်းအထန် ဖြစ်ပွားခဲ့ပြီး လတ်တလောတွင် စစ်ရေးအရေးနိမ့်မှုကြုံတွေ့နေကြောင်းလည်း ဒေသခံတွေဆီကသိရသည်။

” လာခေါ်သွားတုန်းကတော့ သူတို့ထွက်ပေါက်မရှိတော့ဘူးဆိုတာတော့သိတယ် ။ ၃ ရက်နေ့ညကတည်းက ဖြစ်တာနဲ့ ကစဥ့်ကလျားဖြစ်ပြီဆိုတော့ ထွက်ပေါက်ရှာပြီးမှ ကာဗာအနေနဲ့ခေါ်သွားတယ်လို့ပဲထင်တာ။ ”ဟု သတင်းရင်းမြစ်က ဆိုသည်။

  ဆရာတော် ဦးဂန္ဓမာသည် ရှမ်းနီစာပေသင်တန်းများ လူငယ်စွမ်းဆောင်ရည်မြှင့်သင်တန်းများ မကြာခဏပြုလုပ်ပေးပြီး အမျိုးသားရေးစိတ်ထက်သန်သူလည်းဖြစ်သည်။

ထို့ပြင် မြန်မာနိူင်ငံလုံးဆိုင်ရာ ရှမ်းနီသံဃာတော်များ သမဂ္ဂတွင်လည်း ဘဏ္ဍာငွေရှာဖွေရေးအဖွဲ့ အတွင်းရေးမှူးတာဝန်ယူထားသူလည်းဖြစ်သည်။

https://www.facebook.com/shannivoicenewsjournal/posts/pfbid02889ioqMD53DWwfz4FoXHWxfarredZXRACcr5f4juMyqj5oJvXm3bdJhb6AeSRH3Ml

Leave a Reply

Your email address will not be published. Required fields are marked *