ဒီဇင်ဘာ ၆ ၊ မိုးညှင်း
မိုးညှင်းမြို့နယ် ရွာသစ်ကုန်းကျေးရွာမှ နွားရှာထွက်သွားသည့် သားအမိလေးဦး မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသူနှင့် ပြင်ထန်ဒဏ်ရာ ရရှိခဲ့ကြတယ်လို့ သိရှိရပါတယ်။
ပေါက်ကွဲမှုဟာ ဒီနေ့ ဒီဲဇင်ဘာလ ၆ ရက်နေ့ မနက် ၉ နာရီအချိန်မှာ မိုးညှင်းတက္ကသိုလ်နဲ့ ထန်းတပင်ကျေးရွာကြား က ကတ္တရာလမ်းမပေါ်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
“ဖြစ်တဲ့နေရာမှာက အမေရယ် သူတို့ ကလေး သုံးယောက်ရယ်။ လေးယောက်ပဲ လေးယောက်မှာ အဲ့ဒီ သူ့သား အကြီးဆုံးက မြစ်ကြီးနား ပို့ရတဲ့တယ်တဲ့။ ဒုတိယသားကတော့ သေသွားတာပါ့။”ပေါက်ကွဲမှုဖြစ်ပြီးနောက်ပိုင်း ပါဝင်ကူညီခဲ့သူ ရွာသစ်ကုန်းကျေးရွာဒေသခံတစ်ဦးက အခုလိုပဲ ပြေပြခဲ့ပါတယ်။
အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် အကြီးဆုံးသားမှာ ခြေထောက်ကျိုးကာ မျက်နှာများ စုတ်ပြတ်ခဲ့ပြီး ၊ ဒုတိယသားမှာတော့ ဝမ်းဗိုက်ပေါက်ထွက်ပြီး ဆေးရုံအပို့မှာ သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
“ မြှုပ်ထားတဲ့မိုင်းလည်း မဖြစ်နိုင်ဘူး။ ဘာလို့ မြှုပ်ထားတဲ့မိုင်းမဖြစ်နိုင်သလဲဆိုတော့ သူက မြှုပ်ပြီတဲ့ဆိုရင်တော့ အနဲဆုံး တစ်မိုက်တို့ တစ်ထွာတို့ကတော့ တူးကို တူးရမှာလေမောင်။ ကတ္တရာလမ်းဖြစ်တဲ့အတွက်လေ။ တကယ်လို့ တူးပြီး မြှုပ်ထားတယ်ဆိုလို့ရှိရင် တစ်ထွာပဖြစ်ဖြစ် တစ်လက်မပ ဖြစ်ဖြစ် သူပေါက်ခဲ့တဲ့ကျင်းဟာ များမယ်လေ။ အခုကဖြင့် အပေါ်မှာက နည်းနည်းလေးပဲကို။ အဲ့ဆိုတော့ အဲ့မှာ လာကြလို့ ကွဲတဲ့အမျိုးပါ့ညယ် ပြောမယ်ဆိုရင်။”လို့ ၎င်းက ဆက်ပြောပါတယ်။
အခုလို မိုင်းပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး မိုးညှင်း KPDF က စစ်ကောင်စီရဲ့ တိုက်မိုင်းပေါက်ကွဲမှုဖြစ်တယ်လို့ ပြောဆိုထားပေမယ့် မိုးညှင်း စစ်ကောင်စီဘက်ကတော့ တစ်စုံတစ်ရာပြောဆိုထားခြင်းမရှိသေးပါဘူး။