နှစ်နှစ်နီးပါးကြာမြင့်လာတဲ့ ကန့်ဘလူမြို့နယ်က  NUG ရဲ့ပအဖ ၊ပလဖ လိင်အကြမ်းဖက်မှုကိစ္စ အရေးမယူနိုင်သေး 

ဖေဖော်ဝါရီ ၁၉ ၊  ကန့်ဘလူ

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်က အချုပ်ခန်းရှိ  NUG လက်အောက်ခံ ပအဖ၊ပလဖ အဖွဲ့များရဲ့ လိင်အကြမ်းဖက်မှုကိစ္စကို နှစ်နှစ်နီးပါးကြာမြင့်လာတဲ့ယနေ့အထိ အရေးယူနိုင်ခြင်းမရှိသေးကြောင်း သိရပါတယ်။

ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ၊ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ) အတွင်းက တာဝန်ရှိခေါင်းဆောင်ပိုင်း(၃)ဦးတို့ဟာ ကန့်ဘလူ-ပလဖအကျဉ်းသူ (၃)ဦးကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကျူးလွန်ခဲ့ကြတာပါ။

NUG ရဲ့ပြည်ထဲရေးဝန်ကြီးဌာနက ကျူးလွန်သူဝန်ထမ်း (၃)ဦးကို တာဝန်မှယာယီရပ်ဆိုင်းထားပြီး အမှုမှန်ပေါ်ပေါက်ဖို့ ယနေ့အထိဆက်လက်စစ်ဆေးနေဆဲဖြစ်တယ်လို့   မနေ့က ဖေဖော်ဝါရီလ(၁၈)ရက်နေ့မှာ  NUG အစိုးရရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

နစ်နာသူ(ကျူးလွန်ခံရသူ) အကျည်းသူ(၃)ဦးတို့ကိုတော့ ‘နစ်နာသူများလုံခြုံရေး၊လွတ်လပ်စွာထွက်ဆိုနိုင်ရေးနဲ့ တရားမျှတမှုရှိစေရေးတို့အတွက် အချုပ်နေရာပြောင်းလဲချုပ်နှောင်ထားတယ်’ လို့ သူကဆိုထားပါတယ်။

ဒီအမှုကိစ္စနဲ့ပတ်သက်ပြီး နှစ်ကြိမ်တိုင်စစ်ဆေးမှုပြုလုပ်ခဲ့ပြီးဖြစ်ပေမယ့် အရေးယူဆောင်ရွက်မှု ထွက်ပေါ်လာခြင်းမရှိသေးဘူးလို့ အမျိုးသမီးအဖွဲ့အစည်းများက ပြောဆိုထားပါသေးတယ်။

 NUG ဘက်ကတော့ ကျန်ရှိနေတဲ့ လက်ကျန်အမှုတွေတွေကို စစ်ဆေးနေတာဖြစ်ပြီး တွေ့ရှိလာတဲ့အဖြေတွေအပေါ်မူတည်ကာ တရားဥပဒေနဲ့ဝန်ထမ်းရေးရာလုပ်ထုံးလုပ်နည်းများအရ အရေးယူဆောင်ရွက်သွားပါ့မယ်လို့  ပြောထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *