ပင်လည်ဘူးမြို့နယ်ထွက် စိုက်ပျိုးသီးနှံများ တင်ပို့ရောင်းချမှုကန့်သတ်ထား 

ဇန်နဝါရီ ၁၇ ၊ ပင်လည်ဘူး

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ပင်လည်ဘူးမြို့နယ်မှ ထွက်ရှိတဲ့ စိုက်ပျိုးသီးနှံတွေကို တင်ပို့ရောင်းချမှုတွေ ကန့်သတ်ထားတာတွေကြောင့် တောင်သူတွေ အရှုံးပေါ်နေကြတယ်လို့ သိရပါတယ်။ 

“ သေချာတာကတော့ တောင်သူတွေဆီစျေးနဲ့ အရင်းတောင်မရဘူး၊ စပါးကိုလည်း နယ်(ပင်လည်ဘူး) ပြင်ပ ပို့လို့မရဘူး၊ နယ်အတွင်းမှာတောင် အခွန်ဂိတ်တွေက မနည်းပဲ၊​ ကောလင်းကိုတော့ ပို့လို့ရတယ်၊ ဟုမ္မလင်းဘက်မရဘူး” လို့ ပင်လည်ဘူးမြို့ရှိ ဆန်ကုန်သည်တစ်ဦးက ရှမ်းနီအသံကို ပြောပြပါတယ်။ 

ပင်လည်ဘူးမြို့ထွက်သီးနှံတွေကို ဟုမ္မလင်းမြို့နယ်သို့ အဓိကတင်ပို့ရောင်းချခဲ့ရာကနေ အခုနောက်ပိုင်းမှာ တင်ပို့ရောင်းချမှုတွေကို ကန့်သတ်ပိတ်ပင်လိုက်တာလို့ သူက ဆက်ပြောပါတယ်။​

အခုလို ဒေသထွက် စပါးတွေအပြင် တခြားသီးနှံတွေကို သယ်ယူခွင့်မရတဲ့အကြောင်းအရင်းကိုတော့ NUG ရဲ့ ပကဖ ၊ ပအဖ တွေက တိတိကျကျပြောဆိုခြင်းမရှိကြောင်းသိရပါတယ်။ 

ကန့်သတ်ချက်တွေကြောင့် ပင်လည်ဘူးမြို့ထွက် ချင်းသုံး(ဆင်းဧကရီ-၃)ဆန် တစ်အိတ်  ကျပ်လေးသောင်းဝန်းကျင် စျေးရပေမယ့် ကုန်သွယ်မြို့ဖြစ်တဲ့ ဟုမ္မလင်းမြို့မှာ တစ်အိတ် ရှစ်သောင်းကနေ တစ်သိန်းကျပ်ဝန်းကျင်ရှိနေတာလည်းဖြစ်ပါတယ်။ 

“ ဒီစိုက်ပျိုးမွေးမြူရေးကို အခြေခံတဲ့ ပလဘ(ပင်လည်ဘူး)  မြို့နယ်က  တင်ပို့ရောင်းချတာတွေကို  ကန့်သတ်တာတွေကြောင့် တောင်သူနဲ့ မွေးမြူရေးသမားတွေက စျေးကောင်းမရဘူး၊   ကန့်သတ်ချက်တွေများတာ ၊ အဲ့တာတွေက  ဒေသတွင်း ကုန်ဈေးနှုန်းကွာဟမှုတွေမြင့်လာစေတယ် ”​လို့ ဒေသခံတစ်ဦးကဆိုပါတယ်။ 

ပင်လည်ဘူးမြို့ဟာ စိုက်ပျိုးမြေ ခုနှစ်သောင်းကျော်ရှိပြီး နှစ်စဉ် စပါးတင်းပေါင်း ငါးသန်းခွဲကျော်ထွက်ရှိကာ ဒေသတွင်းစားသုံးမှုနဲ့  ပိုလျှံတဲ့ စပါးတင်းပေါင်း သုံးသန်းကျော်ကို ဟုမ္မလင်းဒေသကို အဓိကရောင်းချကြတာဖြစ်ပါတယ်။ 

ပင်လည်ဘူးမြို့နယ်ဟာ ၂၀၂၄ ခုနှစ် အောက်တိုဘာလမှစပြီး NUG မြို့နယ်တစ်ခုလုံးကိုထိန်းချုပ်ထားတဲ့မြို့ဖြစ်လာခဲ့ပါတယ်။ 

မြို့နယ်ထဲက ကျေးလက်ဒေသတွေကတော့ ၂၀၂၂  ခုနှစ်နှောင်းပိုင်းကတည်းက ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေး၊ ပညာရေး ၊ အခွန်ကောက်ခံမှု ၊ သယံဇာတတူးဖော်ရေး ၊ သစ်ထုတ်လုပ်ရေး ၊ ကျန်းမာရေးတွေကို ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *