နိုဝင်ဘာ ၁၂ ၊ ပင်လည်ဘူး
မောက်ခွန်
ကတ္တရာလမ်းတွေ ခြုံနွယ်ပိတ်ပေါင်းထူပြီး လမ်းတွေလည်းပျောက်နေပြီ ။ လမ်းဘေးဝဲယာမှာ အခိုက်အမာဆောက်ထားတဲ့ တိုက်တွေမှာလည်း ကျည်ဆန်ရာ ပလပွ ။ ခေါင်မိုးမရှိ ၊ နံရာတခြမ်းပျက်စီး ပဲ့ကျနေတဲ့ ဒီမြင်ကွင်းတွေဟာ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲပြီးနောက် တွေ့မြင်ရတဲ့ မြင်ကွင်းတွေပါ။
အောက်တိုဘာလ ၉ ရက်နေ့မှာ NUG ရဲ့ အမှတ် (၁) စစ်ဒေသမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ တွေနဲ့ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တွေဟာ ပင်လည်ဘူးမြို့ကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
မြို့တိုက်ခိုက်သိမ်းပိုက်ပြီးတစ်လကျော်လာသည်အထိ ဒေသခံတွေရဲ့ နေရပ်ပြန်နိုင်ရေးဟာလည်း ရတက်မအေးဖြစ်နေဆဲပါလို့ သုံးနှစ်ကျော်ကြာ စစ်ဘေးရှောင်လာသူတွေက ပြောဆိုကြပါတယ်။
ပင်လည်ဘူးမြို့မှာ ၂၀၂၂ ခုနှစ်ကတည်းက စစ်ကောင်စီတပ် နဲ့ ဒေသကာကွယ်ရေးတပ်တွေရဲ့ တိုက်ပွဲကြောင့် ဒေသခံ နှစ်သောင်းကျော်ဟာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ၂၀၂၄ ခုနှစ် နှစ်လပိုင်းအထိ နေထိုင်သူအရပ်သား တစ်ရာဝန်းကျင်သာရှိတာလည်းဖြစ်ပါတယ်။
မြို့သိမ်းတိုက်ပွဲတွေကြောင့် အရပ်သားတွေပိုင်တဲ့ နေအိမ်အဆောက်အဦးတွေ အပါအဝင် လမ်းတံတားတွေဟာ ၈၀ ရာခိုင်နှုန်းနီးပါးပျက်စီးခဲ့တာလည်းဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအပါဝင် နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့များရဲ့ တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် ပျက်စီးဆုံးရှုံးမှုများပြားခဲ့တဲ့ မြို့တစ်ခုလည်းဖြစ်ပါတယ်။
“ လောလောဆယ်တော့ ငြိမ်နေပါသေးတယ်၊ စိတ်ချလက်ချနေလို့ရပါသေးတယ်၊ ဘာမှမဖြစ်တော့ပါဘူး၊ မြို့ပေါ်တော့မသိဘူး၊ ဝင်ခွင့်လည်းမပေးသေးဘူး၊ ထွက်လာကတည်းက တစ်ခါမှသွားလည်းမသွားတော့ဘူး၊ နောက်မှ စစ်ကောင်စီနှင့် ဒီဘက်ကတော်လှန်ရေးအဖွဲ့တွေနှင့် တစ်လှည့်စီ လွန်ဆွဲသလိုလုနေကြမှ ငါတို့ပင်လည်ဘူးမြို့နယ်ကတော့ စိတ်မအေးစရာပဲ” လို့ စစ်ရှောင်နေတဲ့ ပင်လည်ဘူးဒေသခံတစ်ဦးက ပြောပြပါတယ်။
စစ်ကောင်စီက ပင်လည်ဘူးမြို့ကို ပြန်လည်ရယူနိုင်တဲ့ အရိပ်အယောင်ရှိတာကြောင့် တော်လှန်ရေးပူးပေါင်းအဖွဲ့တွေဟာ ပြန်လည်ထူထောင်ရေးထက် လုံခြုံရေးကိုသာ အဓိက ဦးစားပေးတာကြောင့် ဝင်ခွင့်မပေးတာဖြစ်နိုင်တယ်လို့ သူကဆက်ပြောပါတယ်။
ရှမ်းနီအသံမှ စုံစမ်းသိရှိထားရသောအချက်လက်များအရ ပင်လည်ဘူးမြို့က NUG သိမ်းပိုက်ထားသည့်တိုင် စစ်ကောင်စီ၏ လေယာဉ်ဗုံးကြဲချမှုများ ၊ နှစ်ဖက်တိုက်ပွဲများကြား တော်လှန်ရေးတပ်ဖွဲ့များ၏ လက်နက်ကြီးများကြောင့် ၊ အကာကွယ်ဖြစ်စေတဲ့ တိုက်တာအဆောက်ဦးတွေကို ဖြိုခွဲဖျက်ဆီးခံထားကြရတာတွေကြောင့် ၊ လက်နက်ကြီးကျရောက်ပေါက်ကွဲကာ မီးလောင်ပျက်စီးတာကြောင့် စတဲ့ အကြောင်းအမျိုးမျိုးတွေဟာ ဒေသခံတွေ နေရပ်ပြန်နေဖို့အတားအဆီးဖြစ်ထားပါတယ်။
“ပင်လည်ဘူးမြို့က အမတို့အိမ်လေးတော့ ပါသွားပြီလို့ကြားတယ်၊ ပြန်ပြင်နေလို့ မရတော့ဘူးထင်တယ်၊ ပြန်ဆောက်ရတော့မယ့်အနေထားပါ့ ၊ ဝင်လို့ကြည့်ရုံလေးတော့ ကြည့်လို့ရတယ်၊ တချို့လည်း ပစ္စည်းဝင်သိမ်းလိုမျိုးပဲ ၊ ကိုယ်တွေပြန်သွားမှာ မုန့်ဝေတဲ့မညားပဲ ဒုတ်ဝေတဲ့အခါညားနေမှဖြင့်လေ ”လို့ စစ်ရှောင်ပင်လည်ဘူးမြို့ခံ တစ်ဦးကပြောပြပါတယ်။
NUG က သိမ်းပိုက်စိုးမိုးထားတာ တစ်လ ပြည့်ခဲ့ပြီဖြစ်သည့်တိုင် စစ်ကောင်စီရဲ့ လေကြောင်းအန္တရာယ်၊ မရှင်းလင်းနိုင်သေးတဲ့ မြေမြှုပ်မိုင်းတွေ၊ ပြန်လည်ထူထောင်ဖို့ လျှပ်စစ် ၊ သောက်သုံးရေ အပါအဝင် ကဏ္ဍပေါင်းစုံ ဟာ အချိန်ယူရဦးမှာဖြစ်တဲ့အတွက် ပြည်သူတွေ ပြန်လာဖို့ကတော့ လောလောဆယ် မဖြစ်နိုင်သေးဘူးလို့ ပင်လည်ဘူး PDFတပ်ဖွဲ့များနှင့်နီးစပ်သူ CDM ကျောင်းဆရာတစ်ဦးကပြောပြပါတယ်။
“ နေလို့မရသေးဘူး၊ မနေကြသေးပါဘူး၊ လေကြောင်းကစိုးရိမ်စရာရှိပါသေးတယ် ၊ လေကြောင်းက သိတဲ့အတိုင်းပဲ ၊ မထင်ရင်မထင်သလို လူအိပ်ချိန်ကြီးလာကြဲချလိုက်ရင်သွားပြီ၊ လွယ်တော့မလွယ်ပါဘူး၊ မြို့ကအပျက်စီးတော်တော်များတယ်” လို့ ပင်လည်ဘူးမြို့ တော်လှန်ရေးအင်အားစုများနှင့် နီးစပ်တဲ့ ဒေသခံ CDM ကျောင်းဆရာ တစ်ဦးက ပြောပြပါတယ်။
လုံခြုံရေးအရ သင့်တော်တဲ့အချိန် ရောက်ပြီဆိုရင်တော့ ပြည်သူတွေ မိမိတို့အိမ်ခြံဝင်းများ၊ နေအိမ်များ ရှင်းလင်းပြုပြင်နိုင်ရေးတွက် ပြန်လည်ဝင်ရောက်နိုင်ဖို့ ကာကွယ်ရေးတပ်ဖွဲ့များထံမှတစ်ဆင့် အသိပေးမှာဖြစ်တယ်လို့လဲ ကြားသိထားရပါတယ်။
ပင်လည်ဘူးမြို့နယ်နှင့်ထိစပ်နေတဲ့ ကောလင်းမြို့တွေဟာ NUG သိမ်းပိုက်ခဲ့ဖူးပြီး သုံးလအကြာတွင် ပြန်လည်လက်လွတ်လိုက်ရသလို NUGဟာ တိုက်ခိုက်သိမ်းပိုက်ထားသည့် ယင်းမာပင်မြို့ကိုလည်း ရက်ပိုင်းအတွင်းမှာပဲ ပြန်လည်လက်လွတ်ထားရသည့်ဖြစ်စဉ်များ နမူနာရှိနေတာလဲဖြစ်ပါတယ်။
သုံးနှစ်နီးပါး မြို့ပေါ်မှ အိုးအိမ်စွန့်ခွာသွားကြသည့် စစ်ဘေးရှောင်များအများစုဟာ နယ်ကျေးရွာတွေဆီ သွားရောက်တိမ်းရှောင်အခြေချကြပြီး မန္တလေး၊ ရန်ကုန် စသည့် မြေပြန့်ဒေသတွေဆီ တိမ်းရှောင်လာကြတာတွေလည်းရှိကာ စစ်ရှောင်အများစုက NUG ရဲ့ စစ်ဘေးရှောင်ကူညီထောက်ပံ့မှု မရကြပါဘူး။
ဒေသခံများရဲ့ ပြောပြချက်၊ တော်လှန်ရေးအင်အားစုများနဲ့ ဒေသတွင်း သတင်းမီဒီယာများထုတ်ပြန်တင်ပြကြတဲ့ သတင်းမှတ်တမ်းများအရ ၊ ပင်လည်ဘူးမြို့ ပျက်စီးမှုများမှုတွေကို ပြန်လည်တည်ဆောက်ရေးအတွက် နှစ်များစွာကြာမြင့်နိုင်ပါတယ်။
ပင်လည်ဘူးမြို့သိမ်းနိုင်ရေးအတွက် စစ်ဆင်ရေးကို KIA ရဲ့ ဦးဆောင်မှု နဲ့ NUG ရဲ့ အမှတ်(၁) စစ်ဒေသက PDFများ၊ အထူးတပ်ရင်းများ၊ ကွန်မန်ဒိုတပ်ရင်းများ၊ ဗျူဟာထုတ်နှုတ်တပ်ဖွဲ့များ၊ ကွပ်ကဲရေးတပ်ဖွဲ့များ၊ တိုင်းPDF ဒရုန်းတပ်ဖွဲ့၊ ကချင်လွတ်မြောက်ရေးတပ် KIA တပ်ဖွဲ့ဝင်များ၊ စစ်ကိုင်း-ပကဖ၊ ကန့်ဘလူ-ပကဖ၊ ရွှေဘိုခရိုင်-ပကဖနှင့်ဒရုန်းတပ်ဖွဲ့၊ ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူး ပကဖများတို့ စုပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
ပင်လည်ဘူးမြို့ကို NUG ၊ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့များက ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလက ပထမ အကြိမ် တိုက်ခိုက်သိမ်းပိုက်ခဲ့ဖူးပြီး စစ်ကောင်စီဘက်မှ ပြန်လည်ထိုးစစ်ဆင်လာတာကြောင့် တစ်နှစ်ခန့် လက်လွှတ်ထားခဲ့ရတာလည်းဖြစ်ပါတယ်။
တိုက်ပွဲများကြား ကြေမွှပျက်စီးနေတဲ့ ပင်လည်ဘူးမြို့ဟာ ရှမ်းနီတိုင်းရင်းသားများ အပါအဝင် ကတူး၊ ကနန်း တိုင်းရင်းသားတို့ စုပေါင်းနေထိုင်ကြကာ စစ်တပ်အာဏာသိမ်းယူတဲ့ 2021 ခုနှစ် စက်တတင်ဘာလနှောင်းပိုင်းကတည်းက ဖုန်းလိုင်းနှင့် အင်တာနက်များဖြတ်တောက်ခံထားရသဖြင့် လူ့အခွင့်ရေးနှင့် သတင်းချက်လက်များရယူခွင့်ဆုံးရှုံးနေသည့် မြို့ဖြစ်ပါတယ်။
ပင်လည်ဘူးမြို့နယ်က ကောလင်းခရိုင်အတွင်းပါဝင်ပြီး NUG နှင့် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ခဲ့ဖူးသည့် ကောလင်းမြို့နဲ့ စစ်ကောင်စီ ခလရ ၁၂၀ တည်ရှိရာ ဝန်းသိုမြို့၊ ရှမ်းနီအမျိုးသားတပ်မတော် SNA အခြေစိုက်လှုပ်ရှားရာ တည်ရှိရာ ဗန်းမောက်၊ ဖောင်းပြင်၊ ဟုမ္မလင်းမြို့နယ်တို့နဲ့ နယ်နိမိတ်ချင်း နီးကပ်စွာတည်ရှိနေပြီး စစ်ရေးနှင့်ပထဝီအနေထားအရ အားသာချက်များစွာရှိကာ လက်နက်ကိုင်တပ်များအဖို့ အရေးပါတဲ့မြို့တစ်ခုလည်းဖြစ်ပါတယ်။
ကောလင်းမြို့သိမ်းတိုက်ပွဲအပြီး NUG က မြို့တွင်း ပြည်သူလူထုဝန်ဆောင်မှုလုပ်ငန်းများ ပြုလုပ်ပေးပေမယ့်၊ ယခုပင်လည်ဘူးမြို့သိမ်းပြီးဖြစ်စဉ်မှာတော့ မည်သို့ ပြန်လည်တည်ဆောက်ပြုပြင်သွားမှာကိုတော့ ထုတ်ပြန်ပြောဆိုတာမျိုးနှင့် ထူထောင်ရေးလုပ်ငန်းများ ပြုလုပ်ခြင်းမျိုးကိုလဲ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။