ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ထိန်းသိမ်းရေးယန္တရားရှိသင့်တယ်လို့ အာဆီယံကို NUG ပြော 

မေ ၂၉ ၊ ချင်းမိုင် 

အာဆီယံရဲ့ခေါင်းဆောင်မှုနဲ့ နိုင်ငံတကာအဖွဲ့အစည်းများပါဝင်တဲ့  ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ထိန်းသိမ်းရေးယန္တရားရှိသင့်တယ်လို့ NUGက မေလ (၂၈)ရက်နေ့ရက်စွဲဖြင့် အာဆီယံကို တိုက်တွန်းပြောဆိုခဲ့ပါတယ်။

အဆိုပါစောင့်ကြည့်ရေးအဖွဲ့အစည်းရှိပါက အရပ်သားပြည်သူအားလုံးရဲ့ ဘေးကင်းရေးနဲ့ လုံခြုံရေးကို ထိရောက်စွာ ကာကွယ်နိုင်မှာဖြစ်ကြောင်း ဆိုထားပြီး ယခုဒီယန္တရားမရှိနေတာကြောင့် မြန်မာမှာ တိကျတဲ့အရေးယူဆောင်ရွက်မှုတွေဆောင်ရွက်နိုင်ခြင်း မပြုလုပ်နိုင်တာဖြစ်ကြောင်း ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာနိုင်ငံမှာ ပဋိပက္ခများရပ်တန့်သွားဖို့အတွက် ကနဦးအဆင့်က လက်နက်ကိုင်များ အပစ်ရပ်ကာလသက်တမ်းတိုးဖို့လိုအပ်သလို နိုင်ငံတစ်ဝန်း အပစ်ရပ်စဲခြင်းလုပ်ဆောင်မှုတွေ တိုးချဲ့လုပ်ဖို့လိုအပ်နေကြောင်း အာဆီယံတောင်းဆိုခဲ့မှုကို  အမျိုးသားညီညွှတ်ရေးအစိုးရက အခုလိုပြန်လည်ပြောဆိုခဲ့တာဖြစ်ပါတယ်။

ငလျင်ဘေးဒဏ်ကြောင့်  ၎င်းတို့အစိုးရ(NUG) နည်းတူ စစ်ကောင်စီက  ယာယီအပစ်ရပ်ကြေညာခဲ့ပေမယ့် ဒီကာလမှာပင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများနဲ့ လက်နက်ကြီးပစ်ခတ်မှုများအပြင် တိုက်ခိုက်မှုများဆက်လက်ပြုလုပ်နေဆဲဖြစ်တယ်လို့  ထုတ်ပြန်ချက်မှာဆိုထားပါတယ်။

သို့သော် NUG လက်အောက်ခံ တော်လှန်ရေးအဖွဲ့အစည်းများကလည်း အပစ်ရပ်ကာလတွေမှာ စခန်းသိမ်းတိုက်ပွဲများ ၊မြို့သိမ်းတိုက်ပွဲများကို နိုင်ငံတစ်ဝန်းက ဒေသအသီးသီးတွေမှာ ဖော်ဆောင်နေတာကိုလည်း တွေ့ရပါတယ်။

ဒါ့အပြင် အာဆီယံဥက္ကဌရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ရဲ့သက်တမ်းကိုလည်း (၁)နှစ်ထက် ပိုမိုသတ်မှတ်ထားရှိပေးရန်တောင်းဆိုထားပြီး နွေဦးတော်လှန်ရေးကို သဘောတူတဲ့ မည်သည့်အဖွဲ့အစည်းကိုမဆို ယုံကြည်မှုတည်ဆောက်ရန်အသင့်ရှိနေကြောင်း ထုတ်ပြန်ချက်ထဲ ထည့်သွင်းထားပါတယ်။

အာဆီယံအလှည့်ကျဥက္ကဌဖြစ်တဲ့ မလေးရှားဝန်ကြီးချုပ်ဟာလည်း အပစ်ခတ်ရပ်စဲရေးတွေကို ဆက်လက်သက်တမ်းတိုးဖို့ နဲ့ အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို ပြုလုပ်ဖို့ တိုက်တွန်းတောင်းဆိုမှုတွေရှိနေပါတယ်။ 

ပြီးခဲ့တဲ့ ဧပြီလမှာ အာဆီယံ ဥက္ကဌဟာ စစ်ကောင်စီ ကို တွေ့ဆုံမှုတွေပြုလုပ်ခဲ့ပြီး NUG နဲ့ ပထမဆုံးအကြိမ်အဖြစ်တွေ့ဆုံခဲ့တာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *