ဒီဇင်ဘာ ၂၆ ၊ ညောင်ဦး
ပုဂံရှေးဟောင်းနယ်မြေအတွင်းမှာ ရေစီးရေလာကောင်းမွန်စေရေးအတွက် မြောင်းဖောက်လုပ်နေစဉ်မှာ တူးဖော်တွေ့ရှိခဲ့တဲ့ ရွှေထည်ပစ္စည်းတွေကို သက်ဆိုင်ရာသို့ အပ်နှံခြင်းမရှိဘဲ ထုခွဲရောင်းချခဲ့သူတွေကို ဖမ်းဆီးရမိထားတယ်လို့ ထုတ်ပြန်လာပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၀ ရက်နေ့မှာ ပုဂံရှေးဟောင်းနယ်မြေ မြင်းကပါကျေးရွာမှာ ရေမြောင်းဖောက်လုပ်ရေးလုပ်နေစဉ် ရှေးဟောင်းမြေအိုးတစ်လုံးတူးဖော်ရရှိခဲ့တာဖြစ်ပြီး အဲ့ဒီမြေအိုးထဲမှာ ရွှေလက်ကောက် ၁၀ ကွင်း ၊ ရွှေလုံး ၂ ခုနဲ့ ရွှေဘယက်တချို့ ပါဝင်တယ်လို့ ဆိုပါတယ်။
တူးဖော်ရရှိတဲ့ ပစ္စည်းတွေကို သက်ဆိုင်ရာသို့ သတင်းမပို့တဲ့အပြင် တူးဖော်တွေ့ရှိခဲ့တဲ့ ကိုအောင်ဖြိုး က ရွှေလက်ကောက် ၁၀ ကွင်း ၊ရွှေလုံးနှစ်ခု နဲ့ မြောင်းတူးဖော်ရေး ကန်ထရိုက်ရတဲ့ ဦးညို တို့က ရွှေဘယက် နဲ့ ရွှေထည်ပစ္စည်းတချို့ကို ခွဲဝေယူခဲ့ကြတာပါ။
ကိုအောင်ဖြိုး ရရှိတဲ့ ခွဲတမ်းထဲက ရွှေအလေးချိန် ၁၃ ကျပ်သားခန့်ကို ကျပ်သိန်း ၅၄၀ နဲ့ မန္တလေးမြို့မှာ ရောင်းချခဲ့သလို ၊ ဦးညို ရရှိတဲ့ ခွဲတမ်းတွေကိုလည်း ကျပ်သိန်း ၉၄၀ နဲ့ ရောင်းချခဲ့တယ်လို့ သိရပါတယ်။
ဦးညိုမှ ရွှေတွေ ရောင်းချလို့ရတဲ့ငွေ ကိုလည်း အလုပ်သမား ၁၂ ဦးကို တစ်ဦးလျှင် ကျပ် ၅၂ သိန်းခွဲဝေပေးခဲ့ပါတယ်။
သက်ဆိုင်ရာတွေက ဖော်ထုတ်တဲ့အချိန်မှာ မရောင်းချဘဲ ကျန်ရှိနေတဲ့ ရွှေလက်ကောက် အကွေး ၅ ခု၊ ရွှေအပိုင်းအစ ၁၆ ခု ၊ ရွှေခဲသုံးခု ၊ ရွှေထည်ပစ္စည်း ၄ ကျပ်သား အပါအဝင် ရွှေထည်တွေကိုလည်း ထပ်မံတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။
လက်ရှိမှာ ရှေးဟောင်းပစ္စည်းရောင်းချခဲ့သူ ၃ ဦးကိုသာ ဖမ်းဆီးရမိသေးတာဖြစ်ပြီး ဦးညိုအပါအဝင် အလုပ်သမား ၁၁ ဦးကို ဖမ်းဆီးဖို့ ကျန်ရှိနေတယ်လို့ဆိုပါတယ်။
သူတို့အားလုံးကို ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိန်းရေး ဥပဒေ တွေနဲ့ အမှုဖွင့်အရေးယူထားပြီး ထိထိရောက်ရောက် လုပ်ဆောင်သွားမယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။