မေ ၃ ၊ ရန်ကုန်
ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့အထိမ်းအမှတ်အဖြစ် ရာဇသတ်ကြီးပုဒ်မ၅၀၅(က)ဖြင့် ပြစ်ဒဏ်ကျခံနေရသူ နှစ်ထောင်ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်တယ်လို့ စစ်ကောင်စီက ကြေညာပါတယ်။
နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင် အသီးသီးမှာ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/အကျဉ်းသူ (၂၁၅၃) ဦးကို လွှတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်တာလည်းဖြစ်ပါတယ်။
သို့ပေမယ့် မိုးညှင်းမြို့ အကျဉ်းထောင်မှာ ၅၀၅(က)ဖြင့် တရားစွဲဆိုခံထားရသူများသာရှိပြီး လက်ရှိတွင် အဆိုပါပုဒ်မဖြင့် ပြစ်ဒဏ်ကျခံနေသော အကျဉ်းသားမရှိနေခြင်းကြောင့် လွှတ်ငြိမ်းခွင့်ရရှိသူမရှိကြောင်း စုံစမ်းသိရှိရပါတယ်။
ပုဒ်မ၅၀၅ ဖြင့် ဖမ်းဆီးခံထားရသူတွေ သီးသန့် နှင့် လွတ်ရက်နီးနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုသာ လွှတ်ငြိမ်းခွင့်ပေးတာဖြစ်ပြီး ပုဒ်မ၅၀၅အပြင် တစ်ခြားပုဒ်မများနှင့်တွဲထားသူတွေကိုတော့ လွှတ်မပေးဘူးဟု နိုင်ငံရေးနှင့်နီးစပ်သူတွေဆီကနေ သိရပါတယ်။
၅၀၅(က) အကျဉ်းကျနေသူတွေကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ၄၀၁၊ပုဒ်မခွဲ(၁)အရ နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကို ဆက်လက်ကျခံရမယ်လို့ လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ချက်မှာဆိုထားပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ခုနှစ် မေလ၂ရက်နေ့အထိ ဖမ်းဆီးခံရသူစုစုပေါင်း ၂၁၈၀၇ ဦးရှိပြီး ဒီအထဲမှ ၁၇၈၉၇ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူထဲက ၅၈၃၉ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်ပြော်ဆိုထားပါတယ်။