ပျဉ်းမနားမြို့နယ် ပေါင်းလောင်းမြစ်အနီးက အနိမ့်ပိုင်းကျေးရွာတွေအားလုံးရေနစ်မြှုပ်နေပြီး ကူညီကယ်ဆယ်မှုများမရရှိသေး

 စက်တင်ဘာ ၁၂ ၊ နေပြည်တော် 

နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်၊ပေါင်းလောင်းမြစ်အနီးက အနိမ့်ပိုင်းကျေးရွာများအားလုံးမှာ ယမန်နေ့ စက်တင်ဘာလ ၁၁ ရက်နေ့ ည (၆)နာရီခွဲခန့်ကနေစပြီး ရေဝင်ရောက်နစ်မြှုပ်နေကာ  ကူညီကယ်ဆယ်ရေးများလည်း မရရှိကြသေးဘူးလို့ ကျေးရွာတွင်းနေထိုင်သူများထံမှ သိရပါတယ်။

အကူအညီလည်း မရောက်ဘူးဒီဘက် အစကဒီမှာပုံမှန်ဆိုလှေတွေရှိပေမယ့် တပ်ကုန်းဘက် ရေတွေအရင်တက်တဲ့အခါကျတော့ မနေ့ကမနက်ကတည်းကတပ်ကုန်းပို့လိုက်တာ ဒါနဲ့ဒီဘက် ၆ခွဲလောက်ရေတက်လာတော့ အကူအညီမရှိတော့ဘူး” လို့ပျဉ်းမနားမြို့နယ် ဒေသခံတစ်ဦးက ပြောပြပါတယ်။

 စည်ပင်ကြီးကျေးရွာ၊ ရွာသစ်ကြီးကျေးရွာတွေလို  အနိမ့်ပိုင်းကျေးရွာအားလုံးနဲ့ အနိမ့်ပိုင်းဧရိယာများအားလုံး  ၆ ပေအထက်ထိ ရေလွှမ်းနေပြီး တချို့သော လူနေအိမ်တွေ အပါအဝင်  ကျေးရွာအတွင်းက ကျွဲ၊နွား ၊ အိမ်မွေးတိရစ္ဆာန်တွေလည်း ရေမျှောသေဆုံးမှုများ ဖြစ်ပွားနေကြောင်း ဆိုပါတယ်။

 ကယ်ဆယ်ရေးများမရှိနေမှုတွေကြောင့် မနေ့ကညပိုင်းနဲ့ ယနေ့အထိ အိမ်ခေါင်မိုးများနဲ့ အမြင့်ပိုင်းနေရာတွေမှာ စုပြုံနေနေကြရတယ်လို့လည်း သိရပြီး ရေစီးကြမ်းတမ်းမှုကြောင့် လှေများဝင်ရောက်ဖို့လည်း အလွန်ခက်ခဲနေတယ်လို့ သိရပါတယ်။

ပေါင်းလောင်းဆည်ဘက်ကတော့ရေကျနေပြီ ရေကျနေပြီဆိုပေမယ့်လည်း မိုးကမှမပြတ်တာကိုး မိုးမပြတ်တော့ခနနေပြန်တက်လောက်မှာ ကျမယ်လို့တော့ပြောမရဘူး မနေ့ညကထက်စာရင်တော့ ရေလျော့သွားပေမယ့်မိုးကမရပ်သေးဘူးလေ” လို့ သူက ဆက်ပြောပြပါတယ်။

မိုးအဆက်မပြတ် သည်းထန်ရွာသွန်းနေတာ (၃)ရက်ခန့်ကြာမြင့်နေပြီဖြစ်ပြီး ဒီနေ့မှာလည်း မိုးကြီးနေဆဲဖြစ်တာကြောင့် ရေဆက်လက်တက်နိုင်ဖွယ်ရှိနေတယ်လို့ ဆိုကြပါတယ်။

နေပြည်တော်ရှိ ပေါင်းလောင်းမြစ်အပါအဝင် ငလိုက်ချောင်း၊ဆင်သေချောင်းတို့ ရေကြီးရေလျှံနေပြီး တပ်ကုန်းမြို့နယ်က နဝင်းချောင်းလည်း နည်းတူရေမြင့်တက်နေတာကြောင့် ယမန်နေ့က ရန်ကုန်-မန္တလေးအမြန်လမ်းမှ အဆုံတံတားကျိုးကျခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၁၁ ရက်နေ့မှာ မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသ ၊ အလယ်ပိုင်းဒေသတချို့မှာ မိုးသည်းထန်စွာရွာသွန်းတာကြောင့် မြို့နယ် ၁၅ ခုနီးပါးမှာ  ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *