
ဇန်နဝါရီ ၁၅ ၊ ချင်းမိုင်
ပြည်တွင်းမှာနိုင်ငံရေးဘောင်ချဲ့ထွင်နိုင်ရေးအတွက် လုပ်ငန်းစဉ်တွေကို တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(၇)ဖွဲ့၏ မဟာမိတ်အဖွဲ့- 7 EAO Alliance ရဲ့ မနေ့က ကျင်းပခဲ့တဲ့အစည်းအဝေးကနေ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
၂၀၂၅ ခုနှစ်မှာ ဖြစ်ပေါ်လာနိုင်တဲ့ နိုင်ငံရေးအခင်းအကျင်းတွေကို ကြိုတင်ပြင်ဆင်ထားဖို့ ၊ သက်ဆိုင်သူတွေအားလုံးပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်လာနိုင်စေရေး စတဲ့အချက်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
မနေ့က ဆွေးနွေးပွဲကို RCSS/SSA ဥက္ကဌ ဗိုလ်ချုပ်ကြီး စဝ်ယွက်ဆစ်က သဘာပတိအဖြစ်ဦးဆောင်တာဖြစ်ပြီး စုစုပေါင်း ၂၂ ဦးတက်ရောက်ဆွေးနွေးခဲ့ကြတယ်ပါတယ်။
ဆွေးနွေးပွဲမှာ ငြိမ်ချမ်းရေးလုပ်ငန်းစဥ် ဖော်ဆောင်ရေး၊ EAO များအတွင်း Coordination and Cooperation ပိုမိုရရှိလာစေရေးတွေကိုလည်းဆွေးနွေး ခဲ့ကြတယ်လို့ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကတည်းက 7 EAO Alliance အဖွဲ့တွေဟာ နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုတွေကို ချဲ့ထွင်တိုးမြင့်နိုင်ဖို့ရည်ရွယ်ပြီး Program for Peace and Federal Democracy ) ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ဖော်ဆောင်ရေးအစီအစဉ် လုပ်ဆောင်ခဲ့ကြပါတယ်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီမှုစာချုပ်လက်မှတ်ရေးထိုးခဲ့ကြတဲ့အဖွဲ့တွေထဲက ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)တို့က 7 EAO Alliance ကို ဖွဲ့စည်းခဲ့ကြတာဖြစ်ပါတယ်။