ပြည်သူ့တော်လှန်ရေး အမြန်ဆုံး အောင်မြင်အောင် ညီညီညွတ်ညွတ်နဲ့ တိုက်ပွဲဝင်သွားမယ်လို့ အဓိဌာန်ပြုထားကြောင်း ဖက်ဒရယ်ဒီမိုကရေစီအင်အားစုများက ဇူလိုင်လ ၂၆ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံရေး ၊ စစ်ရေး ၊ သံတမန်ရေး၊ အုပ်ချုပ်ရေး စစ်မျက်နှာစုံမှာ နည်းလမ်းအားလုံးအသုံးပြုပြီးတော့ စစ်အာဏာရှင်စနစ်အမြစ်ဖြတ်မယ့် ပြည်သူ့တော်လှန်ရေးကို အောင်မြင်အောင် တိုက်သွားမယ်လို့ ဆိုတာလည်းဖြစ်ပါတယ်။
ဒီထုတ်ပြန်မှုတွေထဲမှာ နိုင်ငံရေးပါတီများ ၊ တော်လှန်ရေးအင်အားစုများနဲ့ ပြည်တွင်းပြည်ပမှာရှိသူတွေအားလုံး ပူးပေါင်းပြီး စစ်ကောင်စီကိုတော်လှန်ကြဖို့ တိုက်တွန်းထားပါတယ်။
နိုင်ငံတကာကနေနဲ့လည်း နိုင်ငံရေးနည်းလမ်းကို ငြင်းပယ်နေတဲ့ စစ်ကောင်စီကို အပြစ်ပေးအရေးယူဖို့ ၊ ပိတ်ဆို့ဟန့်တားဖို့အပြင် တော်လှန်ရေးအင်အားစုတွေကို လက်တွေ့ကျကျ ထိရောက်တဲ့ အကူအညီတွေပေးအပ်ဖို့ကို တောင်းဆိုထားပါတယ်။
ဒါ့အပြင် ထုတ်ပြန်ချက်အစမှာ စစ်ကောင်စီက ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကို ကွက်မျက်ခဲ့တဲဲ့ လုပ်ရပ်ကိုလည်း လူသတ်မှု သာဖြစ်တယ်လို့ ဆိုပါတယ်။
ကြေညာချက်ထုတ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ အင်အားစုတွေထဲမှာ NUG ၊ CRPH ၊ KNU ၊ KNPP ၊ CNF ၊ ABSDF NLD အဖွဲ့တို့ပါဝင်ကြပါတယ်။