“ပြောင်းလဲလိုက်သည့် အခွန်တိုးကောက်မှုကြောင့် ကိုယ်ပိုင်ကျောင်းများအခက်တွေ့နေ”

ဇွန် ၂၈ ၊ မိုးညှင်း

၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှာ စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနရဲ့ ကိုယ်ပိုင်ကျောင်းတွေအပေါ် အခွန်တိုးကောက်မှုကြောင့် အခက်တွေ့နေတယ်လို့ စုံစမ်းသိရှိရပါတယ်။

အခွန်တိုးမြှင့်ကောက်ခံတဲ့နေရာမှာ ကိုယ်ပိုင်ကျောင်းတွေအပေါ် ယခင်ထက် အဆပေါင်းများစွာ များနေတာကြောင့် အခွန်ပေးနိုင်ဖို့ အခက်အခဲဖြစ်တာလို့ ဆိုကြပါတယ်။

” မှတ်ပုံတင်ကြေးက ငါးဆယ်(သိန်းငါးဆယ်)၊ နှစ်စဥ်ကြေးက ခြောက်ဆယ်(သိန်းခြောက်ဆယ်)။ ခါတိုင်းနှစ်စဥ်ကြေးက မှတ်ပုံတင်ကြေးက သုံးသိန်း၊ နှစ်စဥ်ကြေးက ၅ သိန်း အဲ့ဒီလိုနဲ့ လာခဲ့တာလေ။ မနှစ်ကအထိက အဲ့ဒီဈေးပဲ။ အခုက အသစ်အကုန်လုံး ပြန်လုပ်ရတာ။ နောက်ပြီးတော့မှ Green Card ကို ခါတိုင်းက အသစ်လျှောက်ရင် ၃ သောင်းနှင့် ၅ သောင်း ၈ သောင်း အခုအဲ့လို မဟုတ်တော့ဘဲနဲ့ ၁ သိန်းခွဲ ဖြစ်သွားတာ။ ငါးသောင်းနဲ့ တစ်သိန်းပေါ့ ကျောင်းဆရာမှတ်ပုံတင်ပေါ့” လို့ ကိုယ်ပိုင်ကျောင်းတည်ထောင်ထားသည့် ကချင်ပြည်နယ်အတွင်းက ဆရာတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက အခွန်းတိုးမြှင့်ကောက်ခံရာမှာ အရစ်ကျစနစ်နဲ့ ပေးသွင်းရတာမျိုးမဟုတ်ဘဲ တစ်ခါတည်း အပြီးအစီး ပေးသွင်းရမှာ ဖြစ်တယ်လို့လည်း သိရှိရပါတယ်။

ကိုယ်ပိုင်ကျောင်းများအနေနဲ့ ကောက်ခံတဲ့ အခွန်တွေကို တစ်ခါတည်း ပေးသွင်းနိုင်ခြင်းမရှိရင် စစ်ကောင်စီပညာရေးဌာနသို့ ကိုယ်ပိုင်ကျောင်းပိတ်သိမ်းခွင့်ကို လျှောက်လွှာတင်သွားရမယ်လို့လည်း သိရှိရပါတယ်။

စစ်ရေး ပဋိပက္ခတွေနဲ့ ကုန်ဈေးနှုန်းမြင့်တက်နေချိန် စစ်ကောင်စီပညာရေးဌာနက ယခုလို အခွန်တိုးကောက်လာတာဟာ မနိုင်ဝန် ထမ်းနေရသလို ဖြစ်စေတယ်လို့လည်း ၎င်းက ဆိုပါတယ်။

” သိန်း ၁၁၀ ဆိုတာက တကယ်တော့ ပမာဏ အရမ်းများတယ်လေ။ ကျွန်တော်တို့ တောကမှာ ဖွင့်ထားတဲ့ တောကျောင်းလေးဆိုတော့ ပိုဆိုးတာပေါ့။ မနိုင်မနင်းကြီးနဲ့ ကျွန်တော်တို့က ဝန် ထမ်းရတယ်လေ။ ပြီးတော့ စစ်ပြေးဒုက္ခသည်တွေက ခပ်များများကို ကျွန်တော်တို့အနေအထားနဲ့ဆိုရင်။ ပြီးရင်း အားလုံးက ကျပ်တည်းကြတဲ့အခြေအနေမှာ ကုန်ဈေးနှုန်းကလည်း အဆမတန် တက်နေတဲ့အခြေအနေမျိုးမှာ ဒါကြီးက ကောက်လိုက်တာကြီးက တနင့်တပိုးကြီးတော့ ဖြစ်သွားတာပေါ့ ကျွန်တော်တို့အတွက်။” လို့သူက ပြောပါတယ်။

အခွန်ကို ဒီနေ့ ဇွန်လ ၂၈ ရက်နေ့မှာ နောက်ဆုံးထားပေးဆောင်ရမှာဖြစ်ပေမယ့် ဘဏ်တွေပိတ်ထားတာကြောင့် လာမယ့်တစ်ပတ်အတွင်းအပြီးပေးဆောင်ရမှာလို့ စစ်ကောင်စီဘက်က ညွှန်ကြားထားကြောင်း သိရပါတယ်။

ကချင်ပြည်နယ်အတွင်းမှာ ကိုယ်ပိုင်ကျောင်းပေါင်း ၇၆ ကျောင်း ရှိတယ်လို့လည်း သိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *